၁၉ အောက်တိုဘာ
ကမ်းလွန်ရေနံလုပ်ကွက်နှင့် ဓာတ်သတ္ထု ရှာဖွေတူးဖော်ရေးလုပ်ငန်းများကို စိစစ်ခွင့်ပြုပါက လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများ ဝင်ရောက်ရန်အလားအလာရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောသည်။
အောက်တိုဘာ ၁၉ ရက်က UMFCCI အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အကြိမ် ၃၀ မြောက် ပုဂ္ဂလိကကဏ္ဍ ဖွံဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ(၁) ဦးဆောင်၍ သက်ဆိုင်ရာပြည်ထောင်စဝန်ကြီးများနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
"ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ကျွန်တော်တို့ ၄ ဒသမ ၂ ဘီလီယံခန့်သာ ကျွန်တော်တို့ ခွင့်ပြုပေးနိုင်ခဲ့ပါတယ်၊ အဓိကကတော့ ကျွန်တော်တို့ ဒီနှစ်မှာ နိုင်ငံရေးအခြေအနေအရ ကျွန်တော်တို့ကို အမြင်မကြည်လင်တဲ့အပိုင်းတွေ ရှိတဲ့အတွက် ဒီဟာကို ကျွန်တော်တို့ မြန်မာပြည်မှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့က နှောင့်နှေးနေတာတွေ ရှိပါတယ်၊ သို့သော်လည်း အဆိုပြုထားတဲ့ အဆိုပြုချက်တွေ ကြည့်မယ်ဆိုရင် လာမယ့်နှစ်မှာ ကျွန်တော်တို့က စံချိန်တင်လောက်နိုင်တဲ့ အခြေအနေမှာ ကျွန်တော်တို့ရမယ်လို့ မျှော်မှန်းထားပါတယ်၊ အထူးသဖြင့် ကမ်းလွန်ရေနံလုပ်ကွက်နဲ့ ကျွန်တော်တို့ ပြည်တွင်းမှာလုပ်မယ့် ဓာတ်သတ္ထု ရှာဖွေတူးဖော်ရေးလုပ်ငန်းတွေကို ကျွန်တော်တို့ စိစစ်ပြီးတော့ ခွင့်ပြုမယ်ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံဟာ FDI ကြီးကြီးမားမား ရရှိဖို့ အလားအလာရှိကြောင်း ကျွန်တော်သတင်းကောင်းပါးလိုပါတယ်"ဟု ဦးသောင်းထွန်းက ပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် တာဝန်ယူမှုရှိပြီး အရည်အသွေးရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖိတ်ခေါ်လျက်ရှိကာ ယင်းလုပ်ငန်းများ ဝင်ရောက်လာပါက နိုင်ငံအတွက် အကျိုးရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း MIPP ကို ဂျပန်နိုင်ငံ အစိုးရအဖွဲ့ဖြစ်သော JICA ၏ အကူအညီဖြင့် ရေးဆွဲထားပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း (MIPP)အရ လာမည့် နှစ် ၂၀ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် ရရှိရန် မျှော်မှန်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဆက်ပြောသည်။
ထို့ပြင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် အပြုသဘောဆောင်သည့် မူဝါဒရေးရာ ပြင်ဆင်မှုများကိုလည်း အစဉ်တစိုက် ဆက်လက်လုပ်ဆောင်နေသောကြောင့် လာမည့်ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု သိသိသာသာ တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်သော ADB ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် လာမည့်နှစ်တွင် GDP ၆ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားပြီး ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံသည် လာမည့်နှစ်တွင် GDP ၆ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅ ဒသမ ၈ ဘီလီယံမျှော်မှန်းထားသည်။ ပြီးခဲ့သည့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅ ဒသမ ၈ ဘီလီယံမျှော်မှန်းထားသော်လည်း ၄ ဒသမ ၅ ဘီလီယံသာ ဝင်ရောက်ခဲ့သဖြင့် မျှော်မှန်းချက်ထက် တစ်ဘီလီယံကျော် လျော့နည်းခဲ့သည်။
မြန်မာနိုင်ငံ၌ ၁၉၈၈ မှ ၂၀၁၉ စက်တင်ဘာလကုန်အထိ နိုင်ငံ ၅၀ မှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင်လုပ်ငန်း ၁၈၃၇ ခု ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်းတန်ဖိုး ဒေါ်လာ ၈၁ ဒသမ ၈ ဘီလီယံရှိပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံများသည် စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ကာ အဓိကရင်းနှီးမြှုပ်နှံသော လုပ်ငန်းများသည် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ လျှပ်စစ်ကဏ္ဍနှင့် ကုန်ထုတ်လုပ်ငန်းတို့ ဖြစ်သည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ် လာ ၉ ဒသမ ၄ ဘီလီယံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၇ ဘီလီယံနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၄ ဒသမ ၅ ဘီလီယံတို့ဖြစ်သည်။
ငြိမ်းငြိမ်း


