mdn

ရန်ကုန် ၁၉  အောက်တိုဘာ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၁၉ MFF ယူ-၁၂ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရှေးဦးစွာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသူများက ဘောလုံးကန်၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။ ယင်းနောက်  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ အမှုဆောင်များဖြစ်သည့် ဦးမိုးဆန်းအောင်၊ ဦးမင်းလှိုင်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်ကစားသမားများအား လိုက်လံနှုတ်ဆက်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မျိုးဆက်သစ်ကစားသမားများ ထွက်ပေါ်လာရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

 

အုပ်စုပွဲစဉ်များကို အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) တွင် မကွေး၊ ရှမ်းတောင်၊ တနင်္သာရီ၊ ကယား၊ မန္တလေး၊ အုပ်စု (ခ) တွင် ရှမ်းအရှေ့၊ မွန်၊ နေပြည်တော်၊ ကရင်၊ အုပ်စု (ဂ) တွင် ပဲခူး၊ ရခိုင်၊ ရှမ်းမြောက်၊ ချင်း၊ အုပ်စု (ဃ) တွင် ကချင်၊ ဧရာဝတီ၊ စစ်ကိုင်းနှင့် ရန်ကုန်အသင်းတို့ ပါဝင်နေသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်