ကန့်ဘလူ ၁၉ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်တွင် ၂၀၁၈-၂၀၁၉ ခုနှစ်မိုးရာသီ မေလကုန်မှ စက်တင်ဘာလကုန်ထိ မိုးရွာသွန်းမှုသည် စုစုပေါင်း ၂၀ ဒသမ ၉၄ လက်မ ရွာသွန်းခဲ့ကာ မိုးရွာသွန်းမှုနည်းပါးသော်လည်း မိုးရာသီသီးနှံစုံ ၆၂၉၇၀၇ ဧက စိုက်ပျိုးနိုင်ခဲ့၍ ရာခိုင်နှုန်းအနေဖြင့် ၁၀၀ ဒသမ ၅၄ ရာခိုင်နှုန်းရှိကြောင်းနှင့် ယမန်နှစ်ကာလတူ မိုးရွာသွန်းမှုသည် ၃၅ လက်မကျော် ရွာသွန်းခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင် မိုးရာသီသီးနှံစုံလျာထားဧက ၆၂၆၃၀၆ ဧကအနက်မှ ၆၂၉၇၀၇ ဧက(စက်တင်ဘာလကုန်) စိုက်ပျိုးနိုင်ခဲ့သည်။ ကန့်ဘလူခရိုင်အတွင်း မိုးသီးနှံစုံ စိုက်ပျိုးပြီးစီးမှုအနေဖြင့် မိုးစပါးလျာထားဧက ၁၈၄၇၂၅ တွင် ၁၆၀၁၉၄ ဧက စိုက်ပျိုးပြီးစီးပြီး ၈၆ ဒသမ ၃၂ ရာခိုင်နှုန်း၊ ပဲမျိုးစုံ(ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲပုတ်၊ စွန်တာပြာ၊ ထောပတ်ပဲ၊ ပဲယင်း၊ မတ်ပဲ) သီးနှံစုံလျာထားဧက ၂၂၄၀၃၉ တွင် ၂၄၄၉၅၆ ဧကစိုက်ပျိုးပြီးစီးပြီး ၁၀၀ ဒသမ ၃၈ ရာခိုင်နှုန်း၊ ဆီထွက်(မြေပဲ၊ နေကြာ)သီးနှံစုံ လျာထားဧက ၄၃၁၉၃ တွင် ၅၇၀၀၀ ဧကစိုက်ပျိုးပြီးစီးပြီး ၁၃၁ ဒသမ ၉၇ ရာခိုင်နှုန်း၊ ကြံသီးနှံလျာထားစိုက်ပျိုးဧက ၂၀၆၈၁ တွင် ၁၃၀၉၁ ဧကစိုက်ပျိုးပြီးစီးပြီး ၆၃ ဒသမ ၃၀ ရာခိုင်နှုန်း၊ ဝါသီးနှံလျာထားဧက ၁၅၀ တွင် ၂၂ ဧကစိုက်ပျိုးပြီးစီးပြီး ၁၄ ဒသမ ၆၇ ရာခိုင်နှုန်း၊ အခြားသီးနှံ (အစေ့ထုတ်ပြောင်း၊ ဖူးစားပြောင်း၊ ကျွဲနွားစာ၊ အစေ့ကြား ကြက်ဆူ၊ ဟင်းသီးဟင်းရွက်၊ ငရုတ်စို၊ ချဉ်ပေါင်လျှော်)များ လျာထားဧက ၁၃၂၆၆၁ တွင် ၁၃၄၀၃၈ ဧက စိုက်ပျိုးပြီးစီးပြီး ၁၀၁ ဒသမ ၀၄ ရာခိုင်နှုန်း၊ နှစ်ရှည်ပင်(ထန်း၊ အုန်း၊ ငှက်ပျော၊ ကွမ်းသီး၊ ကွမ်းရွက်၊ ပရဆေး၊ သစ်သီးပင်များ၊ လျှော်ဖြူ၊ကြယ်ပဲ) သီးနှံလျာထားဧက ၂၀၇၀၈ တွင် ၂၀၁၀၀ ဧကစိုက်ပျိုးပြီးစီးပြီး ၉၇ ဒသမ ၀၆ ရာခိုင်နှုန်းရှိရာ စုစုပေါင်းမိုးရာသီသီးနှံစုံ စိုက်ပျိုးပြီးစီးမှု ရာခိုင်နှုန်းအနေဖြင့် ၁၀၀ ဒသမ ၅၄ ရှိကြောင်း သိရသည်။
၂၀၁၈-၂၀၁၉ ခုနှစ်မိုးရာသီသီးနှံစုံ စိုက်ပျိုးရာတွင် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ အဆင့်ဆင့်တာဝန်ခွဲဝေကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်းနှင့် ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ ပိုးမွှားရောဂါကာကွယ်ရေး လုပ်ငန်းများကိုလည်း မျက်ခြည်မပြတ်စနစ်တကျ စောင့်ကြည့်ဆောင်ရွက်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းရွှေက ပြောသည်။
ခရိုင်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးစိုက်ပျိုးရာသီ၌ တစ်ဧကအထွက်နှုန်း တိုးတက်စေရန် တောင်သူများ လိုက်နာဆောင်ရွက်ရမည့် စိုက်ပျိုးရေးနည်းပညာများကို တောင်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကျင့်သုံးနိုင်ရန် သိပ္ပံနည်းကျစိုက်ပျိုးစနစ်၊ မျိုးကောင်းမျိုးသန့် အသုံးပြုရေး၊ ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသည့် သီးနှံများစိုက်ပျိုးနိုင်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေး၊ ဓာတ်မြေဩဇာ စနစ်တကျအသုံးပြုရေး၊ ပေါင်းမြက်ကာကွယ်နှိမ်နင်းရေးနှင့် စိုက်ပျိုးရေးနည်းပညာပေး ဆွေးနွေးပွဲများကိုလည်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


