mdn

ပိန်းဇလုပ် ၁၉ အောက်တိုဘာ

 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့ မြို့မ(၁)ရပ်ကွက်ရှိ (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံတွင် ဓာတ်မှန်ဆောင် အဆောက်အအုံသစ်ဖွင့်ပွဲနှင့် ဓာတ်မှန်စက် (200MA X-Ray machine) နှင့် ဆက်စပ်ပစ္စည်းများ၊ ဆေးနှင့် ဆေးဝါးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို အဆိုပါ ဆေးရုံဝင်းအတွင်း၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ပိန်းဇလုပ်တိုက်နယ်ဆေးရုံမှ ဆရာဝန်ဒေါက်တာဇော်သူအောင်က အမှာ စကားပြောကြားပြီး မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသောင်းဒန်ဦး၊ ပိန်းဇလုပ်ဒေသအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဒေါက်တာမျိုးဝင်းတို့က ဓာတ်မှန်ဆောင် အဆောက်အအုံသစ် ဆောက်လုပ်ခြင်း၊ ဓာတ်မှန်စက်နှင့် ဆက်စပ်ပစ္စည်းများ၊ ဆေးနှင့်ဆေးဝါး ပစ္စည်းများ လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် အလှူရှင်များက ဓာတ်မှန်စက်နှင့် ဆက်စပ်ပစ္စည်းများ၊ ဆေးနှင့် ဆေးဝါးပစ္စည်းများကို ပေးအပ်လှူဒါန်းရာ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသောင်းဒန်ဦးနှင့် တိုက်နယ်ဆရာဝန် ဒေါက်တာဇော်သူအောင်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

 

အဆိုပါဆေးရုံဝင်းအတွင်းရှိ ဓာတ်မှန်ဆောင်အဆောက်အအုံသစ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ (၂၀၁၈-၂၀၁၉)ဘဏ္ဍာနှစ် ခွင့်ပြုငွေကျပ် သိန်း(၁၉၀) အကုန်အကျခံတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဒေသနေပြည်သူများ၏ ကျန်းမာရေးအတွက် အထောက်အပံ့ပြုနိုင်ရန် ပိန်းဇလုပ်ဒေသအသင်း(ရန်ကုန်)မှနာယက ပါမောက္ခဒေါက်တာ မြသိန်းဟန် (ဆေးဝန်ထမ်းညွှန်ကြားရေးမှူး-ငြိမ်း)၏ လမ်းညွှန်စီစဉ်မှုဖြင့် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးရှိ နိုက်တင်ဂေးလ် ဆေးကုခန်းမှ (ဦးမောင်မောင်ထွန်း)-ဒေါ်မြင့်မြင့်ကြည်မိသားစုက အမေရိကန်ဒေါ်လာ ၈၀၀၀ ကျော်ခန့်တန်ဖိုးရှိ ဓာတ်မှန်စက် (200MA X-Ray machine)နှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၀ သိန်းကျော်ခန့်ကို လှူဒါန်းခဲ့ပြီး ရန်ကုန်မြို့မှ စိန် လေမှုတ်စက်မိသားစုက ဆေးနှင့် ဆေးဝါးပစ္စည်းများ တန်ဖိုးငွေကျပ်ငါးသိန်းခန့်ကို ယနေ့ပြုလုပ်သည့်အခမ်းအနားတွင် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်း-ရန်အောင်ထွန်း၊ ဓာတ်ပုံ-ရဲသိန်း