mdn

နေပြည်တော် ၁၉ အောက်တိုဘာ

                       

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်မှုများအပေါ် သုံးသပ်ခြင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက်လုပ်ငန်း ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရေနံအထွက်နှုန်းကို တိုးတက်စေရန် Plan များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ 3D ဆိုက်စမစ် တိုင်းတာရရှိသော အချက်အလက်များကို အမြန်ဆုံး တွက်ချက်လေ့လာသုံးသပ်ပြီး တူးဖော်မှုကို စတင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ရှာဖွေရေးအတွက် ဘူမိဗေဒ၊ ဘူမိရူပဆိုင်ရာ လေ့လာမှုများကို ပိုမိုဆောင်ရွက်၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းရည်အရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အဓိကထား ဆောင်ရွက်ပေးရန်လိုကြောင်း၊ တွင်းတူးဖော်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင်လည်း သမားရိုးကျ Vertical Well တူးဖော်ခြင်းမှတစ်ဆင့် Directional Well တူးဖော်နိုင်အောင်လည်း လေ့လာကြိုးစားကြရမည်ဖြစ်ကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ အထွက်တိုးရေးအတွက် Enhanced Oil Recovery (EOR) နည်းပညာ အသုံးပြု၍ အကောင် အထည်ဖော်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များ ထိန်းသိမ်း ရေးကိုစနစ်တကျ သေချာလုပ်ဆောင်ရန်၊ ပိုက်လိုင်းပြုပြင် တည်ဆောက်ရေး လုပ်ငန်းများကိုလည်း နိုင်ငံတကာစံချိန်စံညွှန်းများနှင့် အညီဆောင်ရွက်ရန်၊ ပိုက်လိုင်းချို့ယွင်းချက်ကြောင့် ဓာတ်ငွေ့ပို့လွှတ်မှုရပ်ဆိုင်းရခြင်းမျိုး မဖြစ်စေလိုကြောင်း၊ နိုင်ငံတော်အတွက် ထိခိုက်နစ်နာသဖြင့် အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ကမ်းလွန်လုပ်ကွက် A-6 မှ မကြာမီသဘာဝဓာတ်ငွေ့များ စတင်တူးဖော် ထုတ်လုပ်မည်ဖြစ်၍ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဝန်ထမ်းများအနေဖြင့် ကုမ္ပဏီမှ နိုင်ငံခြားသားပညာရှင်များနှင့် ပူးပေါင်း၍ စွမ်းဆောင်ရည်မြင့်မားစေရန် ဆောင်ရွက်ထားကြစေလိုကြောင်း၊ ရေနံမြေများတွင် ကုန်ကျစရိတ်များကို အတတ်နိုင်ဆုံး ချွေတာသုံးစွဲ၍မလိုအပ်သည့် အသုံးစရိတ်များကို တတ်နိုင်သမျှ စိစစ်သုံးစွဲကြရန် နှင့်ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ရေနံမြေအထွေထွေမန်နေဂျာများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းအကောင်အထည်ဖော်နိုင်ခဲ့မှုများနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ဆောင်ရွက်မည့်လုပ်ငန်း အစီအမံများနှင့် ရေနံမြေများ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုအခြေအနေများကို ရေနံမြေရဲမှူးကြီးက လည်းကောင်း ရှင်းလင်းတင်ပြကြရာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်တို့က ဖြည့်စွက်ဆွေးနွေး တင်ပြကြပြီး ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က သုံးသပ်ဆွေးနွေးတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပြန်လည်ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်ရေနံမြေ၊ တွင်းအမှတ် (၁၇၀) ကို အောင်မြင်စွာ တူးဖော်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများနှင့် ကံပေါက်-မြိုင်ကလေး-ရန်ကုန် ၂၀ လက်မ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်ချိန်အတွင်း ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

mdn