မြိတ် ၂၀ အောက်တိုဘာ

 

ဈေးမီးငြှိမ်းသတ်ရေး ဆောင်ရွက်ရာတွင် စနစ်တကျနဲ့ ထိရောက်စွာ ဆောင်ရွက်နိုင်စေရန်နှင့် မီးသတ်ယာဉ်စက်များ၏ စွမ်းအားတို့ကို စစ်ဆေးရန်ရည်ရွယ်၍ အောက်တိုဘာ ၂၀ ရက် နံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်ရှိ ဆိပ်ငယ်ဈေးကြီး အတွင်း၌ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်မှု ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

 

ဈေးတွေက ရင်းနှီးမြှုပ်နှံမှုများစွာ စုဝေးနေသောနေရာဖြစ်သည့်အပြင် မီးလောင်မှု ဖြစ်ပွားပါကလည်း ဆုံးရှုံးမှုတန်ဖိုးများတတ်ပါတယ်။ ဒါကြောင့် မီးဘေးအန္တရာယ်မှ ကင်းဝေး စေရန်အတွက် ကြိုတင်စီမံထားရှိခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်" ဟု မြိတ်ခရိုင်မီးသတ်ဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဉီးဇော်ဝင်းက ပြောသည်။

 

ပထမဉီးစွာ ဇာတ်တိုက်သရုပ်ပြလေ့ကျင့်မှုတွင် ဈေးအရန်မီးသတ်တပ်ဖွဲ့ဝင်များမှ DCP မီးသတ်ဆေးဘူးဖြင့် ကနဉီးငြှိမ်းသတ်ခြင်းနှင့် ဈေးအတွင်းပိုင်း ရေကန်မှ ရေဖြင့်ငြှိမ်းသတ်ခြင်း၊ ဗဟိုမီးသတ်စခန်းမှ ယာဉ်အုပ်စုများ ရောက်ရှိလာပြီး အဖွဲ့(၃)ဖွဲ့ခွဲ၍ အဖွဲ့(၁)မှ မီးနှင့်အနီးဆုံး အပေါက်တွင် နေရာယူခြင်း၊ အဖွဲ့(၂) လေအောက်ဘက်ရှိ အပေါက်တွင် နေရာယူခြင်းနှင့် အဖွဲ့(၃) ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ဈေးအရှေ့ဘက်အပေါက်တို့တွင် အသီးသီးနေရာယူကြပြီး အဖွဲ့လိုက် ဈေးတံခါးသော့များဖျက်၍ ဝင်ရောက်ခြင်း၊ အဖွဲ့(၁)နှင့်အဖွဲ့(၂)တို့မှ မီးထိန်းခြင်းနှင့် မီးငြှိမ်းသတ်ခြင်း၊ အဖွဲ့(၃) ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ လူနာကယ်ထုတ်ခြင်းနှင့် ကြက်ခြေနီအဖွဲ့သို့ လွှဲပြောင်းပေးခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေးဆေးအဖွဲ့တို့မှ ဒဏ်ရာရလူနာများအား ရှေးဉီးပြုစုပေးပြီး လူနာတင်ယာဉ်များဖြင့် ဆေးရုံသို့ပို့ဆောင်ခြင်းများ ဆောင်ရွက်နေစဉ် အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုများ ရောက်ရှိလာပြီး သတ်မှတ်နေရာအလိုက် နေရာယူ၍ မီးလောင်မှုအား ပူးပေါင်းမီးငြှိမ်းသတ်ခြင်းတို့အား ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခဲ့ကြသည်။

 

ထိုသို့ ဇာတ်တိုက်လေ့ကျင့်ရာတွင် မြိတ်ခရိုင်မီးသတ်ဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဉီးဇော်ဝင်းဉီးစီး၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၅)ဉီး၊ မြို့ပေါ်ရပ်ကွက်များမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၆၀)ဉီး၊ ဈေးအရန်မီးသတ်တပ်ဖွဲ့ဝင် (၃၅)ဉီး၊ ရဲတပ်ဖွဲ့ဝင် (၃၅)ဉီး၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင် (၁၃)ဉီး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် (၁၀)ဉီး စုစုပေါင်း (၂၇၈)ဉီးတို့က ဗဟိုမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၂)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ လူနာတင်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ရေးယာဉ် (၈)စီး၊ ရေသယ်ယာဉ် (၆)စီး၊ လူနာတင်ယာဉ်(၁)စီး စုစုပေါင်း(၂၂)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး တို့ကို ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်မှုများအား နံနက် ၉ နာရီအထိ ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်မှုအား မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဉီးအောင်ကျော်ဉီး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မျိုးမြင့်၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကော်မတီဝင်များ၊ လူမှုကူညီရေးအသင်းများမှ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်းအား (၁၅၀)ဦးခန့် တက်ရောက်အားပေး ကြည့်ရှုခဲ့ကြသည်။

 

မြင့်ဉီး(မြိတ်)