တွံတေး ၂၀ အောက်တိုဘာ
၂၀၁၉-၂၀၂၀ ခုနှစ်၊ စားသုံးသူရေးရာဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် ဉီးစီးမှူးရုံး၏ ထုတ်ကုန်လုံခြုံစိတ်ချမှုဆိုင်ရာ လုပ်ငန်းရှင်များ အသိပညာပေးဟောပြောပွဲကို ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးတွင် အောက်တိုဘာ ၂၀ ရက် နံနက် ၁၀ နာရီခွဲက မြို့မဈေးအတွင်းရှိ စျေးတာဝန်ခံရုံး အောက်ထပ်၌ ကျင်းပခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ရန်ကုန်တောင်ပိုင်းခရိုင် စားသုံးသူရေးရာဉီးစီးဌာန ဒုတိယခရိုင်ဉီးစီးမှူး ဉီးအောင်မြင့်က ကော့မှူးမြို့မဈေးနှင့် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ ကုန်ခြောက်ဆိုင်၊ အလှကုန်ပစ္စည်းအရောင်းဆိုင်၊ ကုန်မျိုးစုံအရောင်းဆိုင်နှင့် ကုန်ပစ္စည်းထုတ်လုပ်သူများနှင့် တွေ့ဆုံ၍ လုပ်ငန်းရှင်များ၏ တာဝန်များ၊ ၂၀၁၉ ခုနှစ် စားသုံးသူအကာအကွယ်ပေးရေး ဉပဒေ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားတွင် ဖော်ပြခြင်းတွင် ကုန်စည်၏ တံဆိပ်အမှတ်အသား၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ပြင်တွင်းသို့ တင်သွင်းလာသော ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏အမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့်နေရာ၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်းအမျိုးအမည်များ၊ ပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန် သတ်မှတ်ထားသော အချက်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများထဲမှ ထုတ်လုပ်သူလုပ်ငန်းရှင်တစ်ဉီးက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး အသိပညာပေးဟောပြောပွဲသို့ အရောင်းဆိုင်နှင့် ကုန်ပစ္စည်းထုတ်လုပ်သူ (၄၀)ဉီး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မျိုးလှိုင်(တွံတေး)


