လိပ်သို ၂၀ အောက်တိုဘာ
ကရင်ပြည်နယ်၊ လိပ်သိုမြို့၊ သောက်ရေခမ်ကျေးရွာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၁ နာရီတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန သီးနှံဌာနခွဲမှ ကြွက်အန္တရာယ် ကာကွယ်နှိမ်နင်းရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ရာ ပြည်နယ်သီးနှံကာကွယ်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဌေးက အမှာစကားပြောကြားရာတွင် ကြွက်ကျရောက်မှု အန္တရာယ်နှင့် ဒေသခံတောင်သူများ တွေ့ကြုံနေရသော အခက်အခဲများကို နည်းလမ်းရှာဖွေ ဖြေရှင်းနိုင်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အားလုံးပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်း ပြောကြားသွားသည်။
ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာသော သီးနှံစိုက်တောင်သူများ၏ တင်ပြချက်များနှင့် သိရှိလိုသည်များ မေးမြန်းခြင်းအား ဘားအံခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးရဲကိုကိုက ပြန်လည်ရှင်းလင်း ဖြေကြားပေးပြီး တောင်သူများထံ မန္တလာ-၂ ကြွက်သတ်ဆေးများ ပေးအပ်သည်။ ထို့နောက် ပြည်နယ်ပိုးမွှား ကာကွယ်ရေးဌာနခွဲမှ လက်ထောက်ဦးစီးမှူး ဦးအောင်ထိုက်က ကြွက်သတ်ဆေးများနှင့် ပိုးသတ်ဆေးများ အသုံးပြုရာတွင် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သောကြောင့် စနစ်တကျ အသုံးပြုကြရန် အသိပညာပေး ဟောပြောခဲ့ပြီး သံတောင်ကြီး မြို့နယ်နှင့် လိပ်သိုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးတို့က ယခုကြုံတွေ့နေရသော အခက်အခဲများနှင့် ပတ်သက်၍ ရှေ့ဆက်လက်ဆောင်ရွက်ရန် ကိစ္စများအား အသေးစိတ်ရှင်းလင်း ပြောကြားသည်။
ဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စောဝေါ်ကွောထူး (ပြန်/ဆက်)


