ပခုက္ကူ ၂၀ အောက်တိုဘာ
ပခုက္ကူမြို့၊ မဟာဝိဇယာရာမ ပါဠိတက္ကသိုလ်(အရှေ့တိုက်ကြီး)၏ တိုက်တည် နှစ်(၁၀ဝ)ပြည့်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျောင်းတိုက် အတွင်းရှိ အသောကာရုံကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ဒုတိယတိုက်အုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိတက ရာပြည့်ပွဲ ကျင်းပနိုင်ရေး ဩဝါဒစကား မိန့်ကြားသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က ဘာသာရေးဆိုင်ရာ ကိစ္စများနှင့် တိုက်တည်နှစ် ရာပြည့်ပွဲ ကျင်းပနိုင်ရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဆွေက ရာပြည့်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး တက်ရောက်လာသည့် ဆရာတော်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ မြို့ မိမြို့ဖများက ဝိုင်းဝန်းဆွေးနွေးပေးနိုင်ရေး လျှောက်ထားတင်ပြခဲ့သည်။
မဟာဝိဇယာရာမ ပါဠိတက္ကသိုလ် တိုက်တည်နှစ်သည် ၁၂၈၁ ခုနှစ် တပို့တွဲလပြည့်ကျော် ၅ ရက်နေ့ဖြစ်၍ ၁၃၈၁ ခုနှစ် တပို့တွဲ လပြည့်ကျော် ၅ ရက်တွင် ကျင်းပရေး၊ ဘဏ္ဍာငွေရှာဖွေရေး၊ ကျင်းပရေးဦးစီးကော်မတီ ဖွဲ့စည်းရေး၊ ရာပြည့်အထိမ်းအမှတ် စာအုပ်ထုတ်ဝေရေး ဆိုင်ရာများကို အသီးသီးဆွေးနွေးခဲ့ကြသည်။
ရာပြည့်အထိမ်းအမှတ် စာအုပ်ထုတ်ဝေရေးအတွက် ဦးဝိစိတ္တ၊ ဓမ္မကာရီကျောင်း၊ အရှေ့တိုက်၊ ပခုက္ကူမြို့၊ ဦးကောသလ္လ (ပုလဲဖြူ-ငါ့သရောက်) စနစ်သစ် ပုထိုးတိုက်၊ ၁၄ ရပ်ကွက်၊ ပခုက္ကူမြို့နှင့် ဦးမြဝင်း(စာဘဏ္ဍာမြဝင်း)၊ ဦးအုန်းဖေ စာကြည့်တိုက်၊ ပခုက္ကူမြို့တို့ထံ စာမူများပေးပို့နိုင်ကြောင်း သိရသည်။
ကိုဇော်(ဓာတု)


