မန္တလေး ၂၀ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်း အလုပ်အမှုဆောင် ၇/၂၀၁၉ အစည်းအဝေးပွဲကို အောက်တိုဘာ ၂၀ ရက် နံနက် ၁၀ နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၆၉ လမ်း၊ ၂၇ လမ်းရှိ စာကြည့်တိုက်ဖောင်ဒေးရှင်း တည်ရှိရာ မြမန္တလာစာပေပန်းခင်းတွင် ကျင်းပသည်။
အခမ်းနားမှူးအဖြစ် အသင်းအတွင်းရေးမှူး ဦးကျော်ဆင့်အေးက ဆောင်ရွက်ပြီး အသင်းဥက္ကဋ္ဌ ဦးအုန်းငွေက နှုတ်ခွန်းဆက်အမှာစကား ပြောကြားကာ ရန်ကုန်တွင် တက်ရောက်ခဲ့သည့် (၆)လပတ် လုပ်ငန်းအတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စာကြည့်တိုက်များ ဖွဲ့စည်းရေးအတွက် အောက်တိုဘာ ၂၂ ရက်တွင် အမရပူရမြို့နယ် ဖွဲ့စည်းရေး၊ အောက်တိုဘာ ၂၄ ရက်တွင် ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း ဖွဲ့စည်းရေးအတွက်လည်းကောင်း၊ အောက်တိုဘာ ၃၀ ရက်တွင် ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ရေလယ်ကွေ့ကျေးရွာ ပညာတံခွန် စာကြည့်တိုက်ဖွင့်ပွဲသို့ တက်ရောက်ရန်လည်းကောင်း၊ နိုဝင်ဘာ(၆)(၇)(၈)ရက်တွင် မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် တိုင်းဖောင်ဒေးရှင်းအနေဖြင့် ပူးပေါင်းပါဝင်ရန် ဥက္ကဋ္ဌ ဦးအုန်းငွေ ဒုတိယဥက္ကဋ္ဌ(၁) ဦးသောင်းနိုင်၊ ဒုတိယဥက္ကဋ္ဌ(၂) ဦးထွဏ်းလှအောင်၊ အတွင်းရေးမှူး ဦးကျော်ဆင့်အေးနှင့် ဘဏ္ဍာရေးမှူး ဒေါ်ခင်ခင်ဝင်းတို့က ဆွေးနွေးသည်။
ဗဟိုစာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ ရရှိခဲ့သည့် စာအုပ်များအား မန္တလေးတိုင်းအတွင်းရှိ ဖောင်ဒေးရှင်းဝင် စာကြည့်တိုက်များသို့ စာအုပ်များ ပေးလှူရန် ဆွေးနွေးဆုံးဖြတ်သည်ဟု သိရှိရသည်။
ခင်ခင်ဝင်း(ပညာရေး)


