ဗန်းမော် ၂၀ အောက်တိုဘာ
မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများ ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ သာစည်ရပ်ကွက်ရှိ မေတ္တာမွန် မင်္ဂလာကန်တော် (ဂေါ်ရာကန်)၌ အောက်တိုဘာ ၂၀ ရက် နံနက် ၉ နာရီတွင် ကျင်းပသည်။
အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်မြင့် (ခ) ဦးဒိတ်က မြန်မာ့ရိုးရာလှေလှော်ပွဲကို နှစ်ပေါင်းနှစ်ဆယ်ကျော် တိမ်မြုပ်ပျောက်ကွယ်နေရာမှ မနှစ်ကစတင်၍ ကျင်းပခဲ့ရာ ယခုနှစ်ဆိုရင် ဒုတိယအကြိမ် ကျင်းပနိုင်တာဖြစ်ပြီး ယခုလို စည်စည်ကားကား၊ သိုက်သိုက်ဝန်းဝန်း ကျင်းပနိုင်ခြင်းမှာ ဗန်းမော်မြို့ရှိ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများအားလုံး၏ စုပေါင်းအင်အားဖြင့် ပူးပေါင်း ဆောင်ရွက်ခြင်းကြောင့် ဖြစ်ကြောင်း၊ လှေပြိုင်ပွဲတွင် ပဲ့ကိုင်၊ လှေထိုးသား၊ လှေသူကြီး စသည်တို့ ညီညီညွတ်ညွတ်ဖြင့် လှော်ခတ်မှသာ အလိုရှိရာပန်းတိုင်ကို ဖြောင့်တန်းစွာ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ယခင်က မေတ္တာမွန်မင်္ဂလာကန်တော် (ဂေါ်ရာကန်)တွင် နှစ်စဉ် လှေလှော်ပြိုင်ပွဲများ ကျင်းပခဲ့ခြင်းကြောင့် ဗန်းမော်မြို့သား ကိုတင်မောင်နီ ၎င်းကန်တော်တွင် ရေကူးလေ့ကျင့်ခဲ့သဖြင့် မြန်မာ့ဂုဏ်ဆောင် ရေကူးချန်ပီယံအဖြစ် ပေါ်ပေါက်ခဲ့သဖြင့် မေတ္တာမွန် မင်္ဂလာကန်တော်(ဂေါ်ရာကန်)သည် ဗန်းမော်မြို့၏ ဂုဏ်ဆောင်ဖြစ်ခဲ့ကြောင်း အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းက မြန်မာ့ရိုးရာ လှေသဘင်ပွဲတော်ကို မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ အစဉ်အလာမပျက်စေရေး ဖော်ဆောင်ခြင်း၊ တိုင်းပြည်ရဲ့ အနာဂတ်လူငယ်များကို မူးယစ်ဆေးဝါးကြောင့် ပျက်စီးနေတဲ့ လူငယ်လူရွယ်တွေကနေ ကျန်းမာသန်စွမ်းတဲ့ တိုင်းပြည်ရဲ့ အနာဂတ်သားကောင်းများ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပံ့ပိုးနိုင်တဲ့ လူတော်လူကောင်းများ ဖြစ်လာရေး၊ အားကစားစိတ်ဓာတ်ကို မြှင့်တင်ရန်၊ မူးယစ်ဆေးဝါး ပပျောက်သွားစေရန်၊ တိုင်းပြည်ကို ဒီမိုကရေစီစနစ် ပြောင်းလဲတဲ့အခါမှာ တက်ညီလက်ညီနဲ့ ပြည်သူကို အသိဉာဏ်ပွင့်လင်းစေရန်၊ အချင်းချင်းအဖွဲ့လိုက် လုပ်ဆောင်တဲ့အခါမှာ အဖွဲ့အစည်းလုပ်ဆောင်တဲ့ ရည်ရွယ်ချက်ကို ဖော်ဆောင်စေခြင်း စသည့် ရည်ရွယ်ချက် (၅)ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဗန်းမော်မြို့နယ်၊ မြန်မာ့ရိုးရာ လှေသဘင်ပွဲတော် ဖြစ်မြောက်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ထောက်ပံ့သည့် ငွေကျပ်သိန်း (၂၀)အား လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးဇော်ဝင်းကပေးအပ်ပြီး မြန်မာ့ရိုးရာ လှေသဘင်ပွဲတော်ဖြစ်မြောက်ရေး နာယက ဗန်းမော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းက လည်းကောင်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်မြင့် (ခ) ဦးဒိတ်က လှူဒါန်းငွေ ကျပ် ၁၀ဝ၂၃၄၀ဝဝ အား ပေးအပ်ရာ မြန်မာ့ရိုးရာလှေသဘင်ပွဲတော် ဖြစ်မြောက်ရေး နာယက ဗန်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက လည်းကောင်း၊ ပြိုင်ပွဲဝင် လှေလှော်အသင်းများအတွက် ဝတ်စုံ(၅၈၈)စုံအား ကချင်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဒိန်ခန်ဖုန် (ခ) ဦးခန်လင်က ပေးအပ်ပြီး ဗန်းမော်မြို့နယ်အားကစားမှူး ဦးသက်ပိုင်ထွန်းက လည်းကောင်း လက်ခံရယူကြသည်။
ထို့နောက် ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ကချင်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဒိန်ခန်ဖုန်(ခ)ဦးခန်လင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးဦးခင်မောင်မြင့် (ခ) ဦးဒိတ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဦးဇော်ဝင်း ဗန်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းတို့က မြန်မာ့ရိုးရာလှေသဘင်ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လှေလှော်ပြိုင်ပွဲဝင်အသင်းများက ပွဲကြည့်ပရိသတ်များအား မင်္ဂလာကန်တော်တစ်ပတ်ပတ်၍ လှေအလှလှော်ခတ်ပြသခဲ့သည်။ အဆိုပါ မြန်မာ့ရိုးရာ လှေသဘင်ပွဲတော်တွင် ပြိုင်ပွဲဝင် အမျိုးသား လှေလှော်အသင်း ၂၁ တက်တွင် ၁၂ သင်း၊ ၁၇ တက်တွင် ၁၆ သင်း၊ ၉ တက်တွင် ၁၆ သင်းနှင့် အမျိုးသမီးလှေလှော်အသင်း (၁၇)တက်တွင် ၅ သင်း၊ ၉ တက်တွင် ၅ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲများကို အောက်တိုဘာ ၂၀ ရက်မှစ၍ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။
မျိုးလှိုင်(ပြန်/ဆက်)


