ကန့်ဘလူ   ၂၀  အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေများဖြင့် မြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်းများ၊ ကွန်ကရစ် တံတားများနှင့် Box Culvert များကို တင်ဒါစနစ်ဖြင့် ဖောက်လုပ် တည်ဆောက်ပေးလျက်ရှိရာ ယခုအခါ လုပ်ငန်းများ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုငွေကျပ် ၂၃၅ ဒသမ ၃၇ သန်းဖြင့် Box Culvert လေးစင်းနှင့် လမ်းငါးလမ်းကိုလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၆၁၉ ဒသမ ၉ သန်းဖြင့် ကွန်ကရစ်တံတား နှစ်စင်း၊ ရေကျော်တစ်ခု၊ Box Culvert သုံးစင်းနှင့် လမ်း ၁၂ လမ်းတို့ကို လည်းကောင်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နွေးတင့်လှိုင် ထံမှ သိရသည်။

 

အဆိုပါ ခွင့်ပြုငွေများဖြင့် ထန်းကုန်း- ဇီးပင်သာ- ရဲဒွေး- ထိန်တော- သရက်တာ- ကျေးပင်အက် ကျေးရွာချင်းဆက်လမ်း (မြေ+ဂျင်း) ခင်းခြင်း၊ ယင်းလမ်းပေါ်တွင် Box Culvert သုံးစင်းပါ ရေကျော်တည်ဆောက်ခြင်း၊ အမှတ်(၃) ခရိုင် ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသော ရွာသာယာကျေးရွာလမ်း (မြေ+ဂျင်း)ခင်းခြင်း၊ မြေမွန်-စကျင် ကျေးရွာ ချင်းဆက်လမ်း (မြေ+ဂျင်း)ခင်းခြင်း၊ မူးဘောင်မှ မိုးကြိုးကျေးရွာသို့ ဆက်သွယ်ထားသောလမ်း ဂျင်းခင်းခြင်း၊ ကိုးထောင်ဘို့-ဇီးကနား ကျေးရွာချင်းဆက်လမ်းပေါ်၌ ကွန်ကရစ်တံတား တည်ဆောက်ခြင်း၊ သရက်တာကျေးရွာအဝင် ကွန်ကရစ်တံတား တည်ဆောက်ခြင်း၊ အမှတ်(၃) ခရိုင်ချင်းဆက်လမ်းတွင် မိုင်တိုင်(၁၀ဝ/ဝ)မှ (၁၁၃/၁)ကြား မြေသားလမ်း ဖောက်လုပ်ခြင်း၊ မိုင်တိုင်(၈၀/၄)မှ (၁၀ဝ/ဝ)ကြား ကျောက်ချောလမ်း ပြုပြင်ခြင်း၊ ကန့်ဘလူ- ထန်းကုန်း- ကာဘိုးလမ်း ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းနှင့် ကြိုးကြာ- မင်းကုန်း(ခ)- ထန်းတော- ဇီးကုန်းလမ်း မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)