ရန်ကုန် ၂၀ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ အစီအမံများဖြင့် ဆောင်ရွက်နေသည့် စီမံချက်အရ တိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များ အလိုက် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက်၊ မှုခင်းများလျော့နည်းကျဆင်းရေး၊ အများပြည်သူအပေါ် အုပ်စုဖွဲ့ အစုလိုက် ပြစ်မှုကျူးလွန်နေပြီး ဗိုလ်ကျအနိုင်ကျင့်စိုးမိုးသူများ၊ ဒုစရိုက်မှု ကျူးလွန်သူများ၊ ပြေး(၄)ပြေးများ ဖော်ထုတ်ဖမ်းဆီးရမိရေး အတွက် ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ယခင် ဆောင်ရွက်နေလျက်ရှိ လင်းယုန်စီမံချက်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ မရမ်းကုန်းမြို့နယ် ရပ်ကွက်/ကျေးရွာအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင် ကာကွယ်ရေးလုပ်ငန်းများ၊ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်ကျေးရွာနေ ဒေသခံပြည်သူများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့်အတူ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ဝင်များမှ ယာဉ်စစ်ပိတ်ဆို့ စစ်ဆေးဆောင်ရွက်ခြင်း၊ နယ်မြေဒေသအတွင်း ရပ်ကင်း၊ လှည့်ကင်း၊ ဝပ်ကင်း ဆောင်ရွက်နေမှုများကို မြို့နယ်ရဲတပ်ဖွဲ့မှူးများက အနီးကပ် ကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဘုရင်နောင်လမ်းမကြီး ဘုရင်နောင်တံတားအနီး ယာဉ်ပိတ်ဆို့ စစ်ဆေးခြင်းများ၊ မရမ်းကုန်းမြို့နယ်ရှိ ရပ်ကွက်အတွင်း မှုခင်းပေါ်ပေါက်စေနိုင်သော နေရာများသို့ လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများနှင့် လုံခြုံရေးကျိုးပေါက်မှု မရှိစေရေးအတွက် နေ့/ည အဆိုင်းခွဲကာ လုံခြုံရေးဆောင်ရွက်ချက်များကို ယခုလမှစ၍ လင်းယုန်စီမံချက်အား ပိုမိုအရှိန်အဟုန်မြှင့်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)၊ ဓာတ်ပုံ-မျိုးကြီး


