ဗန်းမော်  ၂၀  အောက်တိုဘာ

 

ကချင်ပြည်နယ် ဗန်းမော်မြို့၌  အောက်တိုဘာလ ၂၀ ရက် နံနက် ၉ နာရီက မြန်မာ့ရိုးရာလှေသဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားနှင့် လှေလှော်ပြိုင်ပွဲကို မင်းကုန်းရပ်ကွက် ဂေါ်ရာကန်(ခ)မေတ္တာမွန် မင်္ဂလာရေကန်တော်တွင် ကျင်းပသည်။

 

ရှေးဦးစွာ ပြည်နယ်ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိတ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းတို့က အဖွင့်အမှာစကားပြောကြားပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ(၁၂၂၃၄၀ဝ၀) ကျပ်နှင့် အားကစားဝတ်စုံ(၅၈၈)စုံအား ပြည်နယ်ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဒိတ်(ခ)ဦးခင်မောင်မြင့်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းတို့မှ ပေးအပ်ရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့သည်။

 

1

 

ဆက်လက်၍ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထွန်းတင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးဒိန်ခန်ဖုန်(ခ)ခန်လင်၊ ပြည်နယ်ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိတ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းတို့က မြန်မာ့ရိုးရာလှေသဘင် ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အလှပြရေယာဉ်များဖြင့် လှည့်လည်လှော်ခတ် ပြသခဲ့ကြသည်။

 

အဆိုပါ မြန်မာ့ရိုးရာလှေသဘင်ပွဲတော်တွင် ဗန်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြိုင်ပွဲဝင်လှေလှော်အသင်း(၅၂)သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသား ၂၁ တက်၊ ၁၇ တက်၊ ၉ တက် ပြိုင်ပွဲနှင့် အမျိုးသမီး ၁၇ တက်၊ ၉ တက် ပြိုင်ပွဲများ ပါဝင်မည်ဖြစ်ကာ ပြိုင်ပွဲမှာ ရက်သတ္တနှစ်ပတ်ခန့် ကြာမြင့်မည်ကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)