မကွေး ၂၀ အောက်တိုဘာ
မကွေးတိုင်းဒေသကြီးတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလကုန်အထိ သဘာဝဘေးအန္တရာယ် ၄၄၂ ကြိမ်ဖြစ်ပွားကြုံတွေ့ခဲ့ရာ ဘေးသင့်ပြည်သူများအား ငွေကျပ်သိန်း ၄၅၃၉ သိန်းကျော် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း အောက်တိုဘာ ၁၈ ရက်နေ့ကမကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို က အဖွင့်အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။
" မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ စာရင်းများအရ ယခုနှစ် စက်တင်ဘာလကုန်အထိ မီးဘေး၊ ရေဘေး၊ ကမ်းပြိုဘေးများ အပါအဝင် ဘေးအန္တရာယ် ၄၄၂ကြိမ် ဖြစ်ပွားခဲ့ပြီး၊ ဆန်ရိက္ခါဖိုးရန်ပုံငွေ၊ အိမ်ဆောက်ပစ္စည်းရန်ပုံငွေနဲ့ ကယ်ဆယ်ရေးပစ္စည်းကို အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ပေးခဲ့ရာ စုစုပေါင်းငွေကျပ်သိန်း ၄၅၃၉ သိန်းကျော် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း " တိုင်းဒေသကြီးဝန်ကြီးချုပ် က အခမ်းအနားတွင် ပြောကြားခြင်း ဖြစ်သည်။
" ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးအတွင်းမှာ သဘာဝဘေးအန္တရာယ်ကြုံတွေ့ပါက သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ထောက်ပံ့မှုများ လျင်မြန်စွာဆောင်ရွက်ပေးလျက်ရှိပြီး၊ ထိခိုက်ပျက်စီးမှု လျော့နည်းစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများဖွင့်လှစ်ပေးခြင်းနဲ့အတူ ဇာတ်တိုက်လေ့ကျင့်ပေးခြင်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း " တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြင့်စိုး ၏ ပြောကြားချက်အရ သိရသည်။
ဝေဖြိုးလေး(ပြန်/ဆက်)


