နေပြည်တော်  ၂၀  အောက်တိုဘာ

 

ညောင်ပင်ရွာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ဆောက်လုပ်လှူဒါန်းသည့် ဓနုဖြူစာသင်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်ပခုက္ကူမြို့နယ် ညောင်ပင်ရွာ ကျေးရွာအုပ်စုအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။

 

ရှေးဦးစွာမကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးမြင့်ဇော်၊ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမြင့်အောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးပိုက်ကို၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြမင်းဆွေ၊ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် အလှူရှင် ဦးကျော်စည်သူနှင့် ဒေါ်မြသီတာတို့ကကျောင်းဆောင်လွှဲပြောင်းခြင်း အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများက ဓနုဖြူ ကျောင်းဆောင်သစ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ကြပြီး ကမ္ဗည်းမော်ကွန်း ကျောက်စာအား နံ့သာရေပက်ဖျန်းကြသည်။

 

1

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က အမှာစကား ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခက်အခဲရှိသော ဒေသ၊ လိုအပ်ချက်များသောဒေသများကို ဖြည့်ဆည်းနိုင်ရေးအတွက် နှစ်စဉ်ဘဏ္ဍာငွေ တိုးမြှင့်ခွင့်ပြုလျက်ရှိရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အသုံးစရိတ်ထက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၁၀ ဆ ခန့်ပိုမိုသုံးစွဲလာပါကြောင်း၊ ကျောင်းနေအရွယ် ကလေးအားလုံးေကျာင်းနေမှသာကျောင်းထွက်နှုန်းလျော့နည်းပြီး ကျောင်းထွက်သူလုံးဝမရှိတော့ပဲ မူလတန်းကျောင်းသား ကျောင်းသူအားလုံး မူလတန်းပညာသင်ယူပြီးမြောက်၍  အလယ်တန်း၊ အထက်တန်းတွင် ပညာဆက်လက်သင်ယူပြီးမြောက်ရေးသည် အရေးကြီးပါကြောင်း၊ ဆရာဆရာမများအနေဖြင့် ကျောင်းသားကျောင်း သူများ၏ အခက်အခဲများ၊ လိုအပ်ချက်များကို မေတ္တာ၊ ဂရုဏာအသိစိတ်ဖြင့် သင်ယူတတ်မြောက် မှုအရည်အသွေး ကောင်းမွန်ရေးအတွက် ပူးပေါင်းကူညီ ဖြည့်ဆည်းပေးရန်အတွက် အလွန်အရေးကြီးပါကြောင်း။

 

မကွေးတိုင်းဒေသကြီးတွင် အခြေခံပညာသင်ယူခွင့် ပိုမိုတိုးတက်ရရှိနိုင်ရေးအတွက် ကျောင်းအဆင့်တိုးမြှင့်ပေးခဲ့သည့် စာရင်းအရ ၂၀၁၇ -၂၀၁၈ပညာသင်နှစ်တွင် ကျောင်း (၁၀၁၂)ကျောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် (၁၀၅၄)ကျောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် (၉၃၃)ကျောင်းဖြစ်၍ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းစုစုပေါင်း(၄၃၉၂)ကျောင်းရှိလာပြီး မူလတန်းကျောင်းသား(၃၆၄၇၇၆)ဦး၊ အလယ်တန်းကျောင်းသား(၂၇၈၅၇၄)ဦး၊ အထက်တန်းကျောင်းသား(၁၁၂၁၃၃)ဦး၊ စုစုပေါင်းကျောင်းသား(၇၅၅၄၈၃)ဦး ဖြစ်လာ၍ မူလတန်းနှင့် အလယ်တန်းတွင် ကျောင်း တက်နှုန်းအလွန်မြင့်မားလာသည်မှာ ဂုဏ်ယူဝမ်းမြောက် မှတ်တမ်းတင်ပါကြောင်း၊ သို့သော် မူလတန်းကျောင်းသားကျောင်းသူအားလုံး စာဖတ်တတ်ရန်၊ ရေးတတ်ရန်နှင့် အခြေခံသင်္ချာတွက်တတ်ရန် အလွန်အရေးကြီးပါကြောင်း၊ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်သာအောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် အထူး အလေးထားကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း။

 

ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း မကွေးတိုင်းဒေသကြီးတွင် လိုအပ်လျက်ရှိသော မူလတန်းပြ (၅၄၉၃)ဦး၊ အလယ်တန်းပြ(၂၅၅၂)ဦး၊ အထက်တန်းပြ (၂၈၄၂)ဦး တို့ကို လျာထားနှစ်အလိုက် သတ်မှတ်အရည်အချင်း ပြည့်မီသူများကို စိစစ်ရွေးချယ် သင်တန်းပေး၍ ဒေသခံများပိုမိုခန့်ထားရေးအတွက် ခွင့်ပြုချက်ရရှိရေး စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၆၀’ × ၃၀’ ကျောင်းဆောင်စုစုပေါင်း (၆၁၇၆)ဆောင်၊ စာရေးခုံနှင့် ထိုင်ခုံ (၅၈၆၈၉)၊ သန့်စင်ခန်း(၁၄၃၂၁)တို့ကို ဖြည့်ဆည်းပေး ရန်လိုအပ်ချက်ရှိပါကြောင်း၊ သောက်ရေလုံလောက်မှုမရှိသဖြင့် လိုအပ်နေသော ကျောင်း(၆၇၇)ကျောင်းရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက မကွေးတိုင်းဒေသကြီးတွင် ငွေလုံးငွေရင်း(တည်ဆောက်ရေး) ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၁၆-၂၀၁၇ တွင် ကျပ်သန်း(၁၀၉၆၉ ဒသမ ၇၅၈)ဖြင့် ကျောင်းဆောင်(၃၁၂)၊ ၂၀၁၇-၂၀၁၈ တွင် ကျပ်သန်း(၁၀၇၇၆ ဒသမ ၂)ဖြင့် ကျောင်း ဆောင် (၂၅၆)၊ ၂၀၁၈-၂၀၁၉တွင် ကျပ်သန်း(၁၇၇၅၆ ဒသမ ၅၆)ဖြင့် ကျောင်းဆောင် (၄၅၇)၊ ၂၀၁၉-၂၀၂၀ တွင် ကျပ်သန်း(၁၇၇၉၈ ဒသမ ဝ)ဖြင့် ကျောင်းဆောင် (၂၆၈) ဆောင် စုစုပေါင်းကျောင်းဆောင် (၁၂၉၃)ဆောင်ကို ဖြည့်ဆည်းပေးရန် စီစဉ်ဆောင်ရွက် နိုင်ခဲ့ပါကြောင်း။

 

မကွေးတိုင်းဒေသကြီးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်စက်ပစ္စည်း၊ ပရိဘောဂ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၅၁၀ဝ ဒသမ ၈၂၈)ဖြင့် ကွန်ပျူတာ(၁၄၆၈)၊ စာရေးခုံ(အမြင့်) (၁၅၀၆၈)၊ စာရေးခုံ(အနိမ့်)(၂၅၁၅၁) စသည်တို့ကိုလည်းကောင်း၊ ပြင်ဆင်ထိန်းသိမ်း စရိတ် ခွင့်ပြုရန်ပုံငွေကျပ်သန်း(၁၀၈၅၈)ဖြင့်လည်း အဆောက်အဦများပြင်ဆင်ခြင်း၊ အပြီးသတ်ခြင်းလုပ်ငန်း(၅၇၅)ခု၊ လမ်းများဆောင်ရွက်ခြင်း(၁၂၁)ခု၊ ခြံစည်းရိုး၊ သန့်စင်ခန်း၊ ရေစနစ်များဆောင်ရွက်ခြင်းလုပ်ငန်း(၂၆၁၈)ခုတို့ကိုလည်း ဖြည့်ဆည်းပေးရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များအတွက်လည်း ယခု ကဲ့သို့ပင် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်စဉ် ပညာရေးဝန်ကြီးဌာနက သက်ဆိုင် ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များသို့ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေနှင့် သက်ဆိုင်သောတည်ဆောက်ရေး၊ ပြင်ဆင်ထိန်းသိမ်းရေး၊ စက်ပစ္စည်းပရိဘောဂများ အားလုံးအတွက် လုပ်ငန်းအပ်နှံဆောင်ရွက်လျက်ရှိသဖြင့် ပူးပေါင်းဆောင်ရွက်သော တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မိဘဆရာ၊ ကျောင်းသားများ၊ ပြည်သူများအားလုံးကိုလုပ်ငန်းများ အချိန်မီအရည်အသွေးပြည့်မီစွာဖြင့် အကျိုးရှိ ထိရောက်ပွင့်လင်းမြင်သာရေး ပူးပေါင်း ကူညီပေးခဲ့ကြသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင်ပါကြောင်း။

 

အထူးသဖြင့် မကွေးတိုင်းဒေသကြီးတွင် လိုအပ်နေသော ကျောင်းဆောင်များကို ၂၀၁၇-၂၀၁၈ တွင် ကျပ်သန်း(၁၉၂၁ ဒသမ ၇၄၇)ဖြင့် (၂၅)ဆောင်၊ ၂၀၁၈-၂၀၁၉ တွင် ကျပ်သန်း (၂၄၂၁ ဒသမ ၇၃၉)ဖြင့် (၂၁)ဆောင်၊ ၂၀၁၉-၂၀၂၀ တွင် ကျပ်သန်း(၅၁၆၀ ဒသမ ၅၄၅)ဖြင့် (၁၀)ဆောင်တို့ကိုဆောက်လုပ်လှူဒါန်းခဲ့ကြသော ပြည်တွင်းပြည်ပ အလှူရှင်များကို အထူးကျေးဇူးတင်ရှိပြီး ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယခုကျောင်း ဆောင်ကြီးမှဒေသဖွံ့ဖြိုးရေးကို တာဝန်ယူတာဝန်ခံပူးပေါင်းဆောင်ရွက်တတ်ပြီး ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိသော လူသားကောင်းများပြုစုပျိုးထောင်သင်ကြား သင်ယူ လေ့ကျင့်ပေးနိုင်ပါစေကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေးက အမှာစကား ပြောကြားပြီး အလှူရှင် ဦးကျော်စည်သူက ဓနုဖြူစာသင်ကျောင်းဆောင် လှူဒါန်းရခြင်းနှင့် ဝမ်းမြောက်စကားပြော ကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကဓနုဖြူစာ သင်ကျောင်း ဆောင်အလှူရှင် ဦးကျော်စည်သူနှင့် မိသားစုက အမှတ်တရပေးအပ်သည့် ဓနုဖြူစာ သင်ကျောင်းဆောင်၏ ဓာတ်ပုံအား လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

ထို့နောက် ညောင်ပင်ရွာမိဘများ၏ ကိုယ်စားမိဘဆရာအသင်းနာယက ဦးညီညီ က ကျေးဇူးတင်စကားပြောကြားပြီး စာသင်ကျောင်းဆောင်အလှူရှင် မိသားစုကစာ သင်ကျောင်းဆောင်နှင့် သက်ဆိုင်သောစာရွက် စာတမ်းများအား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သည်။

 

1

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အလှူရှင်များက ပေးအပ်လှူဒါန်းသည့် ကျောင်းသုံးစာအုပ်များအားအလှူရှင်များကိုယ်စား ပေးအပ်လှူဒါန်းသည်။

 

ယနေ့လှူဒါန်းသည့် ဓနုဖြူစာသင်ကျောင်းဆောင်သစ်ကို အလှူရှင် ဦးကျော်စည်သူနှင့် ဒေါ်မြသီတာမိသားစု က ပေ(၁၀ဝ × ၃၀) RC (၂)ထပ် ဓနုဖြူစာသင်ကျောင်း ဆောင်သစ်နှင့် စာရေးစားပွဲများ၊ စာသင်ခုံများကို တန်ဖိုးကျပ်သိန်း(၁၅၀ဝ) ခန့် အကုန်အကျခံ၍ ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)