နေပြည်တော် ၂၀ အောက်တိုဘာ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် Lumbini Development Trust တို့ စီစဉ်ကျင်းပသည့် လုမ္ဗနီ - ပုဂံ ပူးပေါင်းဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်၌ ကျင်းပသည်။
အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ Lumbini Development Trust မှ ဒုတိယဥက္ကဌနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားကြသည်။
အလုပ်ရုံဆွေးနွေးပွဲကို ဗြိတိန်နိုင်ငံ Durham University မှ လုမ္ဗနီဒေသဆိုင်ရာ ရှေးဟောင်းသုတေသနလုပ်ငန်းများ လေ့လာဖော်ထုတ်သူ Prof . Robin Coningham ၏ ရှေးဟောင်းသုတေသနလုပ်ငန်းများကို နောက်ဆုံးပေါ် နည်းပညာများအသုံးပြု၍ စနစ်တကျ ဖော်ထုတ်နေမှုများ၊ မြန်မာ - နီပေါ နှစ်နိုင်ငံအကြား အစိုးရချင်းပူးပေါင်း၍ ကမ္ဘာလှည့်ခရီးသွားကဏ္ဍ ပိုမိုတိုးတက်အောင် လုပ်ဆောင်မည့် အစီအစဉ်များ၊ မြန်မာနိုင်ငံ ခရီးသွားများကဏ္ဍ တိုးတက်ဖွံ့ဖြိုးရန် မြှင့်တင်ရေးအစီအစဉ်များကို ရှင်းလင်းတင်ပြခင်းများနှင့် လုမ္ဗနီဒေသ၏ သမိုင်းအဆက်ဆက် မှတ်တမ်းဓာတ်ပုံများနှင့် သုတေသနဆောင်ရွက်ချက်များကို ဆောင်ရွက်ကြမည်ဖြစ်သည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန နိုင်ငံတကာညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက "၂၀၂၀ ခုနှစ်မှာ နီပေါနိုင်ငံ ခရီးသွားနှစ်အဖြစ် သတ်မှတ်ပြီး ခရီးသွားလုပ်ငန်း တိုးတက်မှုနှုန်း မြင့်မားစေဖို့ ပြုလုပ်တာပါ။ မြန်မာနိုင်ငံအနေနဲ့ နီပေါနိုင်ငံသာမက နီပေါ လုမ္ဗနီကို သွားရောက်လည်ပတ်ကြသလို နီပေါပြည်သူတွေကလည်း ပုဂံဒေသနဲ့ အခြား ယဉ်ကျေးမှု အမွေအနှစ်ဒေသတွေကို လာရောက်လည်ပတ်နိုင်အောင် ရည်ရွယ်ချက်နဲ့ စီစဉ် ကျင်းပခြင်းဖြစ်ပါတယ်"ဟု ပြောသည်။
နီပေါနိုင်ငံ၏ လုမ္ဗနီဒေသသည် ဘီစီ ၃၀ဝ စု အစောပိုင်းမှစတင်၍ ဗုဒ္ဓဘာသာ ဘုရားဖူးခရီးသွားများ၏ ဗုဒ္ဓဖွားမြင်တော်မူရာ အမြင့်မြတ်ဆုံးသော နေရာတစ်ခုအပြင် မယ်တော်မာယာဒေဝီဘုရားကျောင်း အပါအဝင် ဘုန်းတော်ကြီးကျောင်းများနှင့် ရှေးဟောင်းဘုရားများစွာရှိသည်။
မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံတို့သည် ကြွယ်ဝထင်ရှားသည့် ဗုဒ္ဓဘာသာယဉ်ကျေးမှု အမွေအနှစ်များကို ပိုင်ဆိုင်ထားခြင်းကြောင့် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိသည်ဟု အဆိုပါအလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။
သတင်း - မွန်းဦးနဒီ၊ ဓာတ်ပုံ - လှမိုး


