ရန်ကုန် ၂၀ အောက်တိုဘာ
ရခိုင်ပြည်နယ် ဓမ္မာရုံထိန်းသိမ်းစောင့်ရှောက်ရေးဂေါပကအဖွဲ့၏ ဒုတိယအကြိမ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော် အရှေ့ဘက် မုခ်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ပြီး မင်္ဂလာစည်တော်ဖြင့် ဖွင့်လှစ်ပေးပြီး ရခိုင်ပြည်နယ် ဓမ္မာရုံ ဂေါပကအဖွဲ့ဥက္ကဌ ဦးစောသိန်းက အခမ်းအနားဖွင့်စာတမ်းဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ဖွင့်လှစ် ကြောင်း လျှောက်ထားသည်။
ထို့နောက် ရခိုင်ပြည်နယ် ဓမ္မာရုံ ဂေါပကအဖွဲ့ ဦးဆောင်နာယက ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် က သာသနာတော် ဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်၍ ဗဟန်းမြို့နယ် မင်္ဂလာတိုက်ကျောင်း ကျောင်းတော်ရာ ရွှေကျင် တိုက်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏထံမှ ပရိသတ်က ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော်များက မေတ္တသုတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။
ယင်းနောက် ရွှေပြည်သာမြို့နယ် အောင်ဆန်းတောရ ပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုဇာတာဘိဝံသက ဆွမ်းဆန်စိမ်းလောင်းလှူရခြင်း အကျိုးတရားတော်ကို မြွက်ကြားချီးမြှင့်တော်မူပြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ် ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုစိတ္တာဘိဝံသ ထံမှ ပရိသတ်က လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြားကြပြီးရေစက်သွန်းလောင်း အမျှ ပေးဝေကြကာ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များအား ဆွမ်း ဆန်စိမ်း လောင်းလှူကြသည်။
သတင်း-ရီရီမြင့်


