၂၀  အောက်တိုဘာ 

အာဆီယံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၁၉ အာဆီယံ ဖူဆယ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို အောက်တိုဘာ ၂၁ ရက်တွင်  စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် တီမောအသင်းနှင့် အဖွင့်ပွဲ စတင်ကစားရမည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပမည်ဖြစ်ပြီး အုပ်စုပွဲများကို အောက်တိုဘာ ၂၁ ရက်မှ ၂၃ ရက်အထိ သုံးရက်ဆက်တိုက် ကျင်းပမည်ဖြစ်သည်။ အုပ်စုပထမနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် ထိုင်းနှင့် ကမ္ဘောဒီးယား၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် မြန်မာနှင့် တီမော၊ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် မလေးရှားနှင့် အင်ဒိုနီးရှား၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ဗီယက်နမ်နှင့် သြစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပြိုင်ပွဲကို လေးသင်းနှစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) တွင် လက်ရှိချန်ပီယံထိုင်း၊ မြန်မာ၊ တီမော၊ ကမ္ဘောဒီးယား၊ အုပ်စု (ခ) တွင် အိမ်ရှင်ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် သြစတြေးလျအသင်းတို့ ပါဝင်နေသည်။

ပြိုင်ပွဲဝင်မည့် မြန်မာဖူဆယ်အသင်းတွင် အုပ်ချုပ်သူ-ဦးကြည်မင်းသိန်း၊ နည်းပြချုပ်-ဦးဌေးမြင့်၊ အတွင်းရေးမှူး- ဦးအောင်မော်သိန်း၊ လက်ထောက်နည်းပြ-ဦးကျော်ဇင်ညွန့်၊ ဂိုးနည်းပြ-ဦးထွန်းထွန်းလတ်၊ ဂိုး-ကျော်ထက်အောင်၊ ဇွဲပြည့်စုံ၊ ကစားသမား-ခင်ဇော်လင်း၊ ကိုကိုလွင်၊ ကျော်စိုးမိုး၊ နိုင်ရဲကျော်၊ လှိုင်မင်းထွန်း၊ ပြည့်ဖြိုးမောင်-၂၊ ပြည့်ဖြိုးမောင်-၃၊ ကျော်ကျော်ထွန်း၊ မျိုးမြင့်စိုး၊ ငြိမ်းမင်းစိုး၊ အောင်ဇင်ဦး၊ နိုင်လင်းထွန်းကျော်၊ ဝေဇင်ဦး၊ ကောင်းချစ်သူတို့ ပါဝင်ကြသည်။

သတင်း-ရဲရင့်ရှိုင်း