မန္တလေး ၂၀ အောက်တိုဘာ
(၂၄) ကြိမ်မြောက် စစ်ကိုင်းမြို့ဧမေတ္တာစေတနာရှင်များ၏ တစ်နေ့တာအဟာရထမင်းနှင့် အသုံးအဆောင်ပစ္စည်းများကို အလှူတော်ကို အောက်တိုဘာ ၂၀ ရက်က မန္တလေးမြို့ ၆၂×၆၃ လမ်း၊ ၂၁×၂၂ လမ်းကြားရှိ ဧရိပ်မွန် မိဘမဲ့အမျိုးသမီးကလေးများ စောင့်ရှောက်ရေးကျောင်းတွင် ပြုလုပ်ကြောင်း သိရသည်။
စစ်ကိုင်းဧမေတ္တာစေတနာရှင်များမှ ဧရိပ်မွန်မိဘမဲ့အမျိုးသမီးကလေးများကျောင်းသို့ ၁၉၉၆ခုနှစ်မှ စတင်၍ တစ်နေ့တာအဟာရထမင်းဟင်း၊ ကျောင်းသုံးစာရေးကရိယာ၊လူသုံးပစ္စည်းနှင့် အမျိုးသမီးသုံးပစ္စည်းများ လှူဒါန်းခဲ့ရာ ယခုနှစ်တွင် ကျောင်းအုပ်ချုပ်ရေးအဖွဲ့နှင့် ကျောင်းသူ ၁၅၂ ဦးတို့အား ဘောင်းဘီ၊ ဘိနပ်စသောပစ္စည်းများအပါအဝင် လူသုံးကုန်ပစ္စည်းများကို တစ်ဦးချင်းစီအား ပေးအပ်သည်။
"အေးရိပ်မွန်ကျောင်းက သီလရှင်ဆရာကြီး ဒေါ်ဟေမာနန္ဒီ(အမေမာ)စတင်ထူထောင်ခဲ့တာပါ။ မိဘမဲ့မိန်းကလေးတွေ လေလွင့်ပျက်စီးမှုမဖြစ်ရလေအောင် ထိန်းသိမ်းစောင့်ရှောက်ပြီး စားဝတ်နေရေး ပညာသင်ကြားရေးများကို တာဝန်ယူခဲ့တာ ဒီနေ့အထိဖြစ်ပါတယ်။ အလှူရှင်များ လာရောက်လှူဒါန်းတာကြောင့် ကလေးတွေစားဝတ်နေရေး အဆင်ပြေတဲ့အပြင် ဒီကျောင်းမှာနေရင်းဘွဲ့ရသွားသူတွေ အစိုးရဝန်ထမ်းနဲ့ပြင်ပမှာ အလုပ်လုပ်နေသူတွေ အများကြီးရှိနေပါပြီ။ ဒီကျောင်းကိုအခြေခံပြီး ကြည်ပြာဆိုတဲ့ ရုပ်ရှင်ကားကြီတစ်ကားရိုက်ဘူးပါတယ်။ မင်းသမီးမေဝင်းမောင်နဲ့ မင်းသာထွန်းထွန်းဝင်းတို့နဲ့ရိုက်တာ အောင်မြင်သွားပါတယ် "ဟု လက်ရှိ ဧရိပ်မွန်စောင့်ရှောက်ရေး သာသနာပြုအဖွဲ့မှ သီလရှင်ဆရာကြီး ဒေါ်ဓမ္မေသီကပြောသည်။
လက်ရှိဧရိပ်မွန်မိဘမဲ့ အမျိုးသမီးကလေးများစောင့်ရှောက်ရေးကျောင်းတွင် အုပ်ချုပ်ရေးသီလရှင် ကိုးဦး၊ ဆရာမ သုံးဦး၊ ဘွဲ့ရပြီးသူ သုံးဦး၊ တက္ကသိုကျောင်းသူ ၁၀ဦး၊ အိမ်တွင်းမှုသင်တန်းတက်ရောက်နေသူ ခြောက်ဦး၊ အသက်မွေးဝမ်းကြောင်းပညာသင်ကြားနေသူ ခြောက်ဦးအပါအဝင် နိူ့စို့အရွယ်ကလေးမှ ၁၀တန်းအထိ အတန်းပညာသင်ကြားနေသူစုစုပေါင်း ၁၅၂ဦးရှိသည်။ အဆိုပါကျောင်းမှ တစ်နေ့တာစားသောက်စရိတ်နှင့် ပညာသင်ကြားရေးစရိတ်များကို အသင်းအဖွဲ့များ၊ ပုဂ္ဂလိကအလှူရှင်များမှ လာရောက်လှူဒါန်းကျွေးမွေးသည့်ရက်များ ရှိသလို အလှူ့ရှင်မရှိသည့်နေ့များတွင် ကျောင်းပဒေသာပင်ရံပုံငွေဖြင့် ကျွေးမွေးကြောင်း သိရသည်။
ခိုင်ဇေယျ


