မန္တလေး  ၂၀  အောက်တိုဘာ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Gavi၊ Unicef၊ Rotary Club တို့မှကိုယ်စားလှယ်များ၊ ပြည်သူလူထုများနှင့်အတူ ကမ္ဘာ့ ပိုလီယိုနေ့ အထိမ်းအမှတ်မန္တလေးကျုံး တစ်ပတ်လူထုစုပေါင်းစက်ဘီးနင်းပွဲသို့ ပါဝင် စီးနင်းခဲ့သည်။

 

ေ

 

စက်ဘီးစီးနင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယခု (၂၀၁၉) ခုနှစ်ကမ္ဘာ့ပိုလီယိုနေ့ အထိမ်းအမှတ်ပွဲတွင် နိုင်ငံတော်၏အနာဂတ်များဖြစ်သော ကလေးငယ်များ၏ မိဘများ၊ ဆွေမျိုးများ၊ အိမ်နီးနားချင်းများအနေဖြင့်လည်း ကလေးငယ်များအား ပိုလီယိုအကြော သော ရောဂါကာကွယ်ရန် အပိုဆောင်းတိုက်ကျွေးခြင်းကို ဆောင်ရွက်လျက်ရှိသော ယခုနှစ်သြဂုတ်လမှ အောက်တိုဘာလအတွင်းတွင် ဆေးတိုက်ကျွေးသည့်နေရာများသို့ သွားရောက်၍ တိုက်ကျွေးပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုပါကြောင်း၊ ထို့အပြင် ရောဂါကာကွယ်ဆေးများ၏ အကျိုးကျေးဇူးများကို ဝေမျှပေးကြကာ ကလေးငယ်များအား ရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးကြပါရန် တိုက်တွန်းလိုပါကြောင်း၊(၂၀၁၄) ခုနှစ်မတ်လ(၂၇)တွင် မြန်မာနိုင်ငံ၌ ပိုလီယို ရောဂါကင်းစင်ကြောင်းကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှကြေညာနိုင်ခဲ့သော်လည်း ဝေးလံခက်ခဲဒေသများမှ ကလေးငယ်များအပါအဝင် ကလေးငယ်များကို ပိုလီယိုအကြောသေ ရောဂါကာကွယ်ဆေးတိုက်ကျွေးပေးရန် ပျက်ကွက်ခြင်း၊ တိုက်ကျွေးသင့်သည် အချိန်အတိုင်းတိုက်ကျွေးရန် ပျက်ကွက်ခြင်းများရှိသောကြောင့် ပိုလီယိုရောဂါ ဖြစ်ပွားမှုများ ပြန်လည်ဖြစ်ပွားခဲ့ပါကြောင်း။

ပိုလီယိုအကြောသေရောဂါဖြစ်ပွားပါက ပြန်လည်ကုသ၍မရဘဲ ပိုလီယိုရောဂါဖြစ်ပွားသူများတွင် နေထိုင်မှု အရည်သွေးများလျော့ကျခြင်း၊ မိသားစုတွင် ဝန်ထုတ်ဝန်ပိုးဖြစ်စေခြင်း နှင့်နိုင်ငံတော်အတွက်လည်း တန်ဖိုးရှိသောလူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးခြင်းတို့ဖြစ်ပွားရပါကြောင်း။

 

ေ

 

ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားရေးနှင့် ကလေးငယ်များရောဂါဘယ ကင်းရှင်းကာ အနာဂတ် ဘဝလှပစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေသည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ပံ့ပိုးပါဝင်ကူညီသည့် အဖွဲ့အစည်းများအားလုံးကိုလည်း (၂၀၁၉) ခုနှစ်ကမ္ဘာ့ပိုလီယိုနေ့၌ ကျေးဇူးတင်ရှိမှတ်တမ်း တင်အပ်ပါကြောင်း၊ ပြည်သူများ အနေဖြင့်မိမိတို့၏ သား၊ သမီး၊ မြေး၊ မြစ်များ၊ အိမ်နီးချင်းကလေးငယ်များ ရောဂါကင်းဝေး ကျန်းမာစေရေးအတွက် ရောဂါကာကွယ်ဆေးများအား အကြိမ်ရေပြည့် ထိုးနှံတိုက်ကျွေးမှုခံယူကြစေရေး အားလုံးဝိုင်းဝန်း၍ ပံ့ပိုးနှိုးဆော်ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ယခုအထိမ်းအမှတ် စက်ဘီးစီးနင်းပွဲကို မိမိတို့ မန္တလေးတိုင်းဒေသကြီး၊ ထိုမှတစ္ဆင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၊ ထိုမှတဆင့်ကမ္ဘာတစ်ဝှမ်းလုံးတွင် ပိုလီယိုအကြောသေရောဂါ ဆိုးကြီးမှ ကင်းစင်ပပျောက်စေရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ သတိပြုမိကြစေရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ဘာ့ပိုလီယိုနေ့အထိမ်းအမှတ် မန္တလေးကျုံးတစ်ပတ် လူထုစုပေါင်း စက်ဘီးနင်းပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က စက်ဘီးစီးနင်းပွဲကို အချက်ပြ သေနတ်ပစ်ဖောက်စတင်ပေးခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Gavi၊Unicef၊ Rotary Club နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ စက်ဘီးစီးအဖွဲ့များ၊ ပြည်သူလူထုများ စုစုပေါင်း (၈၀ဝ) ဉီးခန့်စက်ဘီးစီးနင်းပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။

(သတင်းစဉ်)