နေပြည်တော် ၂၀ အောက်တိုဘာ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မကာအိုအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအစိုးရ၏ ဖိတ်ကြားချက်အရ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မကာအိုအစိုးရ လူမှုရေးနှင့်ယဉ်ကျေးမှုဌာနတို့မှကြီးမှူး၍ မကာအိုအထူးအုပ်ချုပ်ရေးဒေသ၌ အောက်တိုဘာ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းစီးပွားရေးဖိုရမ် (Global Tourism Economy Forum-2019 GTEF) သို့ တက်ရောက်ခဲ့သည်။
အောက်တိုဘာ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် (CPPCC) ဒုတိယဥက္ကဌ၊ မကာအိုအထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ အုပ်ချုပ် ရေးမှူးချုပ်ဟောင်း Mr. Edmund Ho Hau Wah အားတွေ့ဆုံခဲ့ပြီး ယခုဖိုရမ်သို့ တက်ရောက်ရန်အတွက် ဖိတ်ကြားလာခြင်းအား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံသို့လာရောက်ပြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများသာမက အခြား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများပါ လုပ်ဆောင်သွားရန်ဖိတ်ခေါ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးပါသည့် ကဏ္ဍတစ်ခုဖြစ်သော လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ ကိစ္စရပ် များကို ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်းဆွေးနွေးခဲ့ကာ Mr. Edmund Ho Hau Wah က ၄င်းအနေဖြင့် ပြည်ထောင်စုဝန်ကြီးမှ ယခုကဲ့သို့လာရောက်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးပိုမိုခိုင်မာရန် တည်ဆောက်ပေးသည့်အတွက် ဝမ်းမြောက်ဝမ်းသာကြိုဆိုပြီး ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မိမိတို့အနေဖြင့်လည်း ရင်းနှီးမြှုပ်နှံမှုများနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများသာမက မကာအို-မြန်မာ ချစ်ကြည်ရေးကိုပိုမို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မကာအိုအထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာအတွင်းဝန် (ဝန်ကြီး) Dr. Alexis TAM Chon Weng အားတွေ့ဆုံရာတွင် မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများကို မကာအိုသို့ခေါ်ဆောင်ပြီး သင်တန်းများဖွင့်လှစ် သင်ကြားပေးခဲ့သည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ဆက်လက်ပြီး နည်းပြ မွမ်းမံသင်တန်းများပါ ဖွင့်လှစ်သွားရန်ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ ယခုအခါတွင် မြန်မာနိုင်ငံ၌ ဟိုတယ်ကြယ်ပွင့်အဆင့်အတန်းသတ်မှတ်ရေးအတွက် လုပ်ဆောင်နေ လျက်ရှိရာ မကာအိုရှိ ဟိုတယ်များ၏ စံချိန်စံနှုန်းသတ်မှတ်ပုံများသိရှိနိုင်ပါက သိရှိလို ပါကြောင်း၊ မြန်မာနိုင်ငံနှင့် မကာအိုတို့မှာ ရင်းနှီးသောဆက်ဆံရေးရှိနေပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှလည်း လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလေးထားလုပ်ဆောင်သွားရန် တိုက်တွန်းထားပါကြောင်း၊ မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည်များဝင်ရောက်လာနေပြီး ၄င်းတို့အနေဖြင့် ငွေကြေးသုံးစွဲရေး ဆိုင်ရာကိစ္စရပ်များတွင် စနစ်တကျဖြစ်စေရေးအတွက် နှစ်နိုင်ငံအစိုးရနှင့် နှစ်နိုင်ငံ ခရီးသွားအေဂျင်စီများ ပူးပေါင်းဖြေရှင်းသွားလိုပါကြောင်းဆွေးနွေးခဲ့ပြီး Dr. Alexis TAM Chon Weng က မိမိတို့အနေဖြင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ပူးပေါင်းပြီး ခရီးသွားအကယ်ဒမီထူထောင်သွားရန်ရှိကာ မြန်မာနိုင်ငံမှ သင်တန်းသားများ ခေါ်ယူသွား မည်ဖြစ်ကြောင်း၊ ဟိုတယ်စံချိန်စံညွှန်းကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်သွားလိုပါ ကြောင်း၊ မြန်မာနိုင်ငံတွင် ရေမြေတောင်တောင်သဘာဝများပေါကြွယ်ဝပြီး များစွာသော အလားအလာများရှိနေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်ခရီးသွားများ သာမက ဥရောပနိုင်ငံသားများကိုပါလာရောက်လည်ပတ်ရန် စွဲဆောင်သွားနိုင်မည်ဟု ယုံကြည်ပါ ကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊ ယဉ်ကျေးမှုကဏ္ဍများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားစီးပွားရေးကဏ္ဍများတွင်ပါ ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း အပြန် အလှန်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Grand Hyatt Macau တွင် ကျင်းပပြုလုပ်သည့် ဂုဏ်ပြုကြိုဆိုသည့် နေ့လည်စာစားပွဲအခမ်းအနားသို့ အာဂျင်တီးနားနိုင်ငံ ခရီးသွားလာရေးဆိုင်ရာဝန်ကြီး၊ ဘရာဇီးလ်နိုင်ငံ ခရီးသွားလာရေး ဝန်ကြီး၊ ကမ္ဘောဒီးယားနိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တို့နှင့်အတူ တက်ရောက်ခဲ့ပြီးနောက် MGM Cotai ဟိုတယ်၌ ကျင်းပပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာခရီးသွားလုပ်ငန်းစီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားနှင့် Face to Face-Ministers and Private Sector CEOs: How Tourism, Leisure and Sports lead to a Beautiful Life- Panel Discussion သို့ တက်ရောက်ဆွေးနွေးကာ ညပိုင်းတွင် မကာအိုအထူး အုပ်ချုပ်ရေးဒေသအစိုးရမှ ဖိုရမ်သို့တက်ရောက်လာသည့် ကိုယ်စားလှယ် များအား ဂုဏ်ပြုဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
၁၅-၁၀-၂၀၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Macau- Myanmar Overseas Chinese Association အဖွဲ့ဝင်များနှင့်လည်းကောင်း Macau- Myanmar Chamber of Commerce အဖွဲ့ဝင်များနှင့်လည်းကောင်းတွေ့ဆုံခဲ့ပြီး ညနေပိုင်းတွင် ကမ္ဘာလုံးဆိုင်ရာခရီးသွားလုပ်ငန်းစီးပွားရေးဖိုရမ် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
၁၆-၁၀-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးချွမ်းကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ၊ ကွေ့လင်မြို့တွင် (၁၈-၁၀-၂၀၁၉) ရက်နေ့မှ (၂၀-၁၀-၂၀၁၉) ရက်နေ့အထိ ကျင်း ပပြုလုပ်သည့် တရုတ်-အာဆီယံ ခရီးသွားလုပ်ငန်းပြပွဲ-၂၀၁၉ သို့တက်ရောက်ရန် ကွေ့လင်းမြို့သို့ ဆက်လက်ထွက်ခွာခဲ့သည်။
၁၇-၁၀-၂၀၁၉ ရက်နေ့ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Mr. Zhao Leqin (Vice Chairman of Guangxi Regional People’s Congress; Secretary of the CPC Guilin Committee; Chairman of Guilin People’s Congress နှင့် Mr. Bai Songtao (Deputy Secretary) တို့နှင့်လည်းကောင်း ကွမ်ရှီးချွမ်းကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Li Bin တို့အားလည်းကောင်းတွေ့ဆုံပြီး နှစ်နိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ များ၊ တရုတ်ခရီးသွားများမြန်မာနိုင်ငံသို့လာရောက်လည်ပတ်ရာတွင် စနစ်တကျဖြစ်စေ ရေးအတွက် နှစ်နိုင်ငံအစိုးရ နှင့် ခရီးသွားအေဂျင်စီများအကြား ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများကိုဆွေးနွေးခဲ့သည်။
၁၈-၁၀-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တရုတ်- အာဆီယံခရီးသွားလုပ်ငန်းပြပွဲ ၂၀၁၉ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ကာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က မြန်မာနိုင်ငံသည် ယခုနှစ်တွင် အာဆီယံ နိုင်ငံများအကြား Guest of Honor Country အဖြစ် တက်ရောက်ခြင်း ဖြစ်ကြောင်း၊ ယခုပြပွဲသည် ခရီးသွားလုပ်ငန်းမှတဆင့် စီးပွားရေးအခွင့်အလမ်းများဖန်တီးပေးနိုင်သော အကျိုးကျေးဇူးများနှင့် နိုင်ငံများ အကြားချစ်ကြည်ရင်းနှီးမှုများ ပိုမိုတည်ဆောက် သွားနိုင်ရေးအတွက် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း ခရီးသွားလုပ်ငန်းဥပဒေအသစ်ရေးဆွဲပြဌာန်းခဲ့ပြီး ခရီးသွားဧည့်သည် များ မြန်မာနိုင်ငံသို့ ပိုမိုလွယ်ကူစွာဝင်ရောက်လည်ပတ် နိုင်ရေးအတွက် ဗီဇာ ဖြေလျော့ မှုများကို ဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်ရေး ကိစ္စရပ်များကို မြှင့်တင်ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ စနစ်တကျ အဆင်ပြေချောမွေ့စွာ သွားလာလည်ပတ်နိုင်ရေး အတွက် Foreign Visitor’s Observation Teams ကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသို့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများသာမက အခြားစီးပွားရေး လုပ်ငန်းများပါ လာရောက် ရင်းနှီးမြှုပ်နှံစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာနိုင်ငံအပါအဝင်နိုင်ငံပေါင်းစုံမှ ခင်းကျင်းပြသ ထားသော ပြခန်းများသို့ လှည့်လည်ကြည့်ရှုခဲ့ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့မှ မြန်မာနိုင်ငံ ၏ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ခရီးသွားစွဲဆောင်မှုနေရာဒေသ များအကြောင်းကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ကွေ့လင်းမြို့ရှိ ခရီးသွားစွဲဆောင်မှု နေရာများ နှင့် ဟိုတယ်များသို့သွားရောက်ကာ ခရီးသွားစွဲဆောင်နေမှုပုံစံများကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြကြောင်းသတင်းရရှိသည်။
(သတင်းစဉ်)


