၂၀  အောက်တိုဘာ

 

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် အီဂျစ်နိုင်ငံ၌ ကျင်းပသည့် International Series ကြက်တောင်ပြိုင်ပွဲတွင် ချန်ပီယံဆုကာကွယ်နိုင်ခဲ့သည်။

 

ဗိုလ်လုပွဲကို အောက်တိုဘာ ၂၀ ရက်က ကျင်းပရာ မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဝေးလ်စ်ကစားသမား ဂျော်ဒန်ဟတ်ကို အနိုင်ယူပြီး ချန်ပီယံဆု ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ပထမပွဲငယ်တွင် ၂၁-၆ မှတ်ဖြင့် အပြတ်အသတ်အနိုင်ရခဲ့သလို ဒုတိယပွဲငယ် ၁၁-၁ မှတ်ဖြင့် အနိုင်ရနေချိန်တွင် ပြိုင်ဘက်ကစားသမား ဆက်လက်မယှဉ်ပြိုင်ဘဲ အရှုံးပေးခဲ့သောကြောင့် သက်ထားသူဇာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ယခုပြိုင်ပွဲတွင် အကောင်းဆုံးလက်စွမ်းရခဲ့ပြီး ပထမအဆင့်တွင် အိမ်ရှင်အီဂျစ်ကစားသမား ဂျာနာကို ၂၁- ၄ မှတ်၊ ၂၁-၇ မှတ်ဖြင့် နှစ်ပွဲပြတ်၊ ဒုတိယအဆင့်တွင် အိန္ဒိယကစားသမား ရီတီကာသာကာကို ၂၁-၁၇ မှတ်၊ ၂၄-၂၂ မှတ်ဖြင့် နှစ်ပွဲပြတ်၊ ကွာတားဖိုင်နယ်တွင် အိန္ဒိယကစားသမား ကာနီကာကို ၂၁-၁၄ မှတ်၊ ၂၁-၁၇ မှတ်၊ ဆီမီးဖိုင်နယ်တွင် ကနေဒါကစားသမား ဒန်နီလာကို ၂၁-၈ မှတ်၊ ၂၁-၁၃ မှတ်ဖြင့် နှစ်ပွဲပြတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ယခုနောက်ပိုင်းပြိုင်ပွဲများတွင် ချန်ပီယံဆုနှင့် ဝေးကွာနေမှုကို ယခုပြိုင်ပွဲတွင် ချန်ပီယံဆုကာကွယ်ပြီး အဆုံးသတ်နိုင်ခဲ့သည်။

 

သက်ထားသူဇာသည် ၂၀၁၈ ခုနှစ် အောက်တိုဘာမှ ၂၀၁၉ ခုနှစ် အောက်တိုဘာအထိ တစ်နှစ်တာကာလအတွင်း ချန်ပီယံဆု ခုနစ်ကြိမ်အထိ ရယူနိုင်ခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ- Xinhua Myanmar