နေပြည်တော်  ၂၀  အောက်တိုဘာ

            

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးစိုးအောင်အဖွဲ့ဝင်များ ဖြစ်ကြသော ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးနေလင်းထွန်း၊ လူမှုရေးဝန်ကြီး၊ ဦးနေဝင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး ထွန်းနေလင်း၊ လုပ်ငန်းအဖွဲ့အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းနိုင်ထွန်းနှင့်တာဝန်ရှိသူများသည်အောက်တိုဘာ (၁၉)ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်ရှိဂျာမိုင်ကောင်း RC စခန်းသို့ရောက်ရှိပြီး တိုက်ပွဲရှောင်ပြည်သူများနှင့် တွေ့ဆုံကာ ၎င်းတို့၏ မူလနေရပ်များတွင် ပြန်လည်နေရာချထားရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။

            

တွေ့ဆုံပွဲ၌ မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ချီဖွေ မြို့နယ် အုပ်ချုပ်ရေးမှူးတို့က ပြန်လည်အခြေချနေထိုင်ကြမည့် ကျေးရွာများ၏ လုံခြုံရေး၊ မိုင်းရှင်းလင်းရေး၊ နေအိမ်များဆောက်လုပ်ပေးရေး၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိ ရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်သည်များ ထောက်ပံ့ပေးနိုင်ရေးကိစ္စရပ်များကို ဆောင်ရွက်ပေးစေလိုပါကြောင်း စသည်တို့ကို ဆွေးနွေးပြောကြားကြသည်။

            

ဒုတိယဝန်ကြီး က ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းရာတွင် တိုက်ပွဲရှောင် ပြည်သူများ ပြန်လည်နေရာချထားရေးအတွက် လုပ်ငန်းအဖွဲ့ဖွဲ့စည်းပြီး ဆောင်ရွက်နေပါကြောင်း၊ မိမိမှအဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်၍ ပြန်လည်နေရာချထားရေးအတွက် အဓိက လိုအပ်ချက်များဖြစ်သည့် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ မိုင်းရှင်းလင်း ရေး၊ မိမိတို့၏ မြေယာများပြန်လည်ဖော်ထုတ်ရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက် ပေးရေးစသည်အချက်များကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၏လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများမှလည်း ပူးပေါင်းပါဝင်ခြင်းဖြင့် လုပ်ငန်းများ ပိုမိုမြန်ဆန် စေမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

            

ထို့နောက် စခန်းရှိသူများအား ငွေများထောက်ပံ့ပေးခဲ့ပြီး မူကြိုကျောင်းမှ ကလေးငယ်များအား ကစားစရာအရုပ်များနှင့် မုန့်များကို ဝေငှပေးသည်။

            

ဂျာမိုင်ကောင်း(RC)စခန်းမှ တာလောကြီးကျေးရွာသို့ အိမ်ထောင်စု(၅၉)စုမှ လူဦးရေ (၃၁၂)ဦး၊ ချီဖွေမြို့နယ် ကန်ပိုင်ယန်ရပ်ကွက်သို့အိမ်ထောင်စု (၃၇)စုမှလူဦးရေ (၁၇၃)ဦးနှင့် ရစ်ဂျော် ကျေးရွာသို့ အိမ်ထောင်စု (၁၂)စုမှလူဦးရေ(၆၄)ဦးတို့သည် မိမိတို့၏မူလနေရပ် ကျေးရွာများသို့ ပြန်လည်အခြေချနေထိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

            

မွန်းလွဲပိုင်းတွင် အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝိုင်းမော်မြို့၊ မိုင်းနား( RC) စခန်းသို့ ရောက်ရှိခဲ့ပြီး မိုင်းနား(RC)စခန်းရှိ သူများအား ငွေကြေးထောက်ပံ့ပေးအပ်ရာ စခန်းတာဝန်ခံများနှင့်အဖွဲ့က လက်ခံရယူကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝိုင်းမော်မြို့နယ် တာလောကြီးကျေးရွာသို့ သွားရောက်ကာ မူလနေရပ်သို့ပြန်လည်အခြေချနေထိုင်ကြမည့် တိုက်ပွဲရှောင်ပြည်သူများ၏မြေနေရာများ၊ နေအိမ်များကိုသွားရောက်ကြည့်ရှုခြင်း၊ တာလောကြီးကျေးရွာတွင် နေထိုင်လျှက်ရှိသည့် ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးသည်။

 

ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဝိုင်းမော် မြို့နယ် ဒဘတ်ယန်ကျေးရွာသို့ သွားရောက်ကာမူလ နေရပ်သို့ပြန်လည်အခြေချ နေထိုင်ကြမည့် တိုက်ပွဲရှောင်ပြည်သူများ၏ မြေနေရာများ၊ နေအိမ်များ၊ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ် ပေးနိုင်မည့်အခြေအနေများ၊ ကျေးလက်ဆေးပေးခန်းနှင့် မူလတန်းကျောင်း နေရာများ၊ ရွာတွင်း အူကြောင်းလမ်း ရှင်းလင်းပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် တိုက်ပွဲရှောင်ပြည်သူများ ပြန်လည်နေထိုင်လျှက်ရှိသည့် နန်ဆန်ယန် ကျေးရွာသို့သွားရောက်ကာ လက်ရှိနေထိုင်လျှက်ရှိသည့် အခြေအနေများ၊ လိုအပ်ချက်များ၊ အခက်အခဲများ၊ ထပ်မံဖြည့်ဆည်းပေးရမည့် လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ငွေကြေးထောက်ပံ့ပေးအပ်ရာ ကျေးရွာအကျိုးဆောင် တာဝန်ခံကလက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ထို့နောက် ကျေးရွာအတွင်းရှိ ကက်သလစ်ဘုရားကျောင်းဝန်းအတွင်း ဆောက်လုပ်လျှက်ရှိသည့် ကျောင်းသူ ကျောင်းသားများနေထိုင်ရန် ဘော်ဒါဆောင်အတွက် စိန်မောင်နှမ ကုမ္ပဏီ လီမိတက်ကအလှူငွေကျပ်သိန်း (၁၀ဝ) ကိုပေးအပ်လှူဒါန်းရာ ဘုရားကျောင်း တာဝန် ရှိသူကလက်ခံရယူသည်။ ဆက်လက်၍ တိုက်ပွဲရှောင်ပြည်သူများပြန်လည်နေရာ ချထားမည့် ဒေါ့ဖုန်းယန်မြို့နယ်အတွင်းရှိ ၊နားလုံ၊ တုံဟုန်းယန်ကျေးရွာများ၊ မိမိဆန္ဒ နှင့်အညီပြန်လည် နေထိုင်လျှက်ရှိသည့် လွယ်မောက်ယန်ကျေးရွာနှင့် ဒိန်ဂါယန်ကျေးရွာများသို့ ဝင်ရောက်ကြည့်ရှုသည်။

 

မွန်းလွဲပိုင်းတွင် မံစီမြို့နယ် မုန်ဒိန်ပါကျေးရွာသို့သွားရောက်ခဲ့ပြီး မိမိဆန္ဒအရ မူလ နေရပ်သို့ပြန်လည်နေထိုင်လျှက်ရှိသည့် ပြည်သူများနှင့်တွေ့ဆုံခဲ့ကာ အားပေးစကားများ ပြောကြားခြင်း၊ လတ်တလောဆောင်ရွက်ရမည့်ကိစ္စများ၊ ရေတို၊ရေရှည်စီမံချက်များ ချမှတ် ဆောင်ရွက်ပေးမည့်ကိစ္စများကို ရှင်းလင်းပြောကြားပြီး မွေးကင်းစကလေးငယ်များ၊ ကိုယ် ဝန်ဆောင်များနှင့် သက်ကြီးဘိုးဘွားများအား ငွေကြေးထောက်ပံ့ပေးအပ်သည်။

 

ဆက်လက်၍ မံစီမြို့နယ်မိုင်းခေါင် IDP Camp နှင့် မံစီမြို့၊ ကောင်းရာရပ်ကွက် KBC Camp ရှိစခန်းနေပြည်သူ များနှင့် တွေ့ဆုံကာအားပေးစကားပြောကြား ပြီးမိမိနေရပ်များသို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် နိုင်ငံတော်ကဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြား ကာစခန်းနေသူများအား ငွေကြေးထောက်ပံ့ ပေးအပ်ရာ စခန်းတာဝန်ခံနှင့် အဖွဲ့က လက်ခံရယူသည်။

 

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်(၂)ရက်အတွင်း မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော် မြို့နယ်နှင့်မံစီမြို့နယ်များအတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများသို့ ထောက်ပံ့ငွေစုစုပေါင်း ငွေကျပ်(၅၀,၈၄၄,၁၃၅) ထောက်ပံ့ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)