တောင်ကြီး ၂၁ အောက်တိုဘာ
တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ကောက်ယူထားရှိသော မသန်စွမ်းသူများဆိုင်ရာ သတင်းအချက်အလက်ကို ကွင်းဆင်း လေ့လာ၍ ပြန်လည်မှတ်တမ်းတင်ခြင်း၊ အစီရင်ခံစာများ ပြုစုတင်ပြခြင်း၊ လုပ်ငန်းများဆောင်ရွက်ရန် ဆွေးနွေးပွဲ၊ မသန်စွမ်းမှု ဆိုင်ရာဆွေးနွေးပွဲနှင့် အသိပညာပေးပြိုင်ပွဲများဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက တောင်ကြီးမြို့ စိန်ဂျိုးဇက် အောက်မေ့ဘွယ် ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အမှာစကားပြောကြားရာတွင် မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မသန်စွမ်းအခွင့်အရေးများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် မသန်စွမ်းသူ အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီကို ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး စုစုပေါင်း အဖွဲ့ဝင်(၅၅)ဦးဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ဖွဲ့စည်း ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက ဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက် ၂၀၁၈ ခုနှစ် စက်တင်ဘာလ တွင် ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်နယ် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာကော်မတီအား အဖွဲ့ဝင်(၁၉)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ မသန်စွမ်းသူများကလည်း မသန်စွမ်းသူ အသင်းအဖွဲ့များတွင် ဦးဆောင်ပါဝင် လျက် မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်အား ၂၀၁၆ ခုနှစ် မတ်လတွင် ရွေးကောက်ဖွဲ့စည်းခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ် သြဂုတ် ၉ ရက်တွင် ရှမ်းပြည်နယ် မသန်စွမ်းသူများအသင်းအား မဲစနစ်ဖြင့်ရွေးချယ်ကာ အဖွဲ့ဝင်(၁၈)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ကော်မတီများကတစ်ဆင့် လူတိုင်း အကျုံးဝင် ဖွံ့ဖြိုးတိုးတက်မှု မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် အခွင့်အရေးများကို ပြည့်မီလာစေရန် ဆောင်ရွက်ပေးနိုင်မှာဖြစ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များဆိုင်ရာ ၂၀၃၀ အစီအစဉ်၏ ကတိပြုထားရှိသော မည်သူမှ နောက်ကျမကျန်ရစ်စေရေးမူနှင့်အညီ တိုင်းရင်းသားလူမျိုး မသန်စွမ်းသူများ လူနည်းစု မသန်စွမ်းသူများအတွက်ပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)ဥက္ကဋ္ဌ ဦးမြတ်သူဝင်းမှ မသန်စွမ်းမှုဆိုင်ရာ အသိပညာပေး သင်တန်းများ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


