ပူတာအို  ၂၁  အောက်တိုဘာ

 

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မတ်ပန်ကွင်းတွင် စိုက်ပျိုးထားသော မိုးစပါး စံပြစိုက်ခင်းများကို ယမန်နေ့ နံနက် ၉ နာရီ က စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး မိုးစပါးစိုက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ပူတာအိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆောင်းက ခရိုင်အတွင်း မိုးစပါးစိုက်ပျိုးမှု အခြေအနေနှင့် မျိုးစေ့ထုတ် စိုက်ခင်းများ စိုက်ပျိုးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

 

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်း တိုးတက်ရေးနှင့် စားသုံးသူများ၏ ဘေးအန္တရာယ်လုံခြုံရေးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပူတာအိုဒေသသည် သီးနှံစိုက်ပျိုးရာတွင် ဓာတုဗေဒ ပိုးသတ်ဆေးများနှင့် ဓာတ်မြေသြဇာများကို သုံးစွဲမှုနည်းသဖြင့် စိုက်ပျိုးရေး ထုတ်ကုန်များကို စားသုံးသူများ အနေဖြင့် ဘေးအန္တရာယ် လုံခြုံမှုရှိပြီး သက်ရွည်ကျန်းမာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဓာတုကင်းလွတ်ဇုန် သတ်မှတ်နိုင်ရန် သီးနှံစိုက်ပျိုးရာတွင် ဓာတုဗေဒဆေးဝါးနှင့် ဓာတ်မြေသြဇာများထက် သဘာဝမြေသြဇာနှင့် သဘာဝ ပိုးသတ်ဆေးများကို သုံးစွဲရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

 

တွေ့ဆုံပွဲတွင် တက်ရောက်လာသည့် တောင်သူများက စိုက်ပျိုးရေးနှင့် ပတ်သက်၍ တွေ့ကြုံရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ဖုန်ကန်(ပူတာအို)