မန္တလေး ၂၁ အောက်တိုဘာ

 

မန္တလေး - ပြင်ဦးလွင်ကားလမ်းအနီး သလဲကုန်းရွာရှိ ပန်းဈေးအား သန့်စင်ကုန်းကျေးရွာသို့ နိုဝင်ဘာလအတွင်း ပြောင်းရွှေ့နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြာင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော် မတီထံမှ သိရသည် ။

 

ယခုလက်ရှိပန်းဈေးတန်းသည် မန္တလေး - ပြင်ဦးလွင်ကားလမ်းဘေး၌ ပျံကျပုံစံ ရောင်းဝယ်မှုများ ပြုလုပ်နေခြင်းကြောင့် ယာဉ်ကြောကျပ်တည်းမှုများဖြစ်ပေါ်ကာ စနစ်မကျသည့် ရောင်းဝယ်မှု ပုံစံဖြစ်နေခြင်းကြောင့် ပြောင်းရွှေ့ရသည်ဟု သိရသည် ။

 

" အသစ်ဆောက်လုပ်နေတဲ့ ပန်းဈေးက အကုန်ပြီးနေပြီ ရွှေ့ဖို့ပဲကျန်တာ ။လျှပ်စစ်မီးသွယ်တန်းဖို့အတွက် တစ်ခုတော့ ကျန်နေသေးတယ် ။ အဲ့တာပြီးရင်တော့ နိုဝင်ဘာလအတွင်းမှာ ပြောင်းရွှေ့နိုင်ဖို့ လုပ်ဆောင် သွားမယ် " ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် က ပြောသည် ။

 

အဆိုပါ ပန်းဈေးအား မန္တလေး - ပြင်ဦးလွင်ကားလမ်းနှင့် တန်ဘိုးမျှတအိမ်ယာအဝင်လမ်းဘေး သန့် စင်ကုန်း ကျေးရွာရှိ မြေ ၂.၁၉ ဧကပေါ်တွင် ၂၀၁၉ ခုနှစ် ဧပြီလ ထဲက စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည် ။

 

ယခုလက်ရှိ ရောင်းချနေသည့် ပန်းဈေးတွင် ဈေးသည် (၁၁၂) ဦးစာရင်းရှိကာ ပန်းဈေးအသစ်တွင် အဆောင် (၅) ဆောင်ပါဝင်ပြီး တစ်ဆောင်လျှင် ၁၀ ပေပတ်လည် ဆိုင်ခန်း ၂၄ခန်း ပါရှိပြီး စုစုပေါင်းဆိုင်ခန်း ၁၂၀ ရှိမည်ဖြစ်သည့်အတွက် လုံလောက်မှုရှိကြောင်း သိရသည် ။

 

အဆိုပါ ဆိုင်ခန်းများကို ရောင်းချပေးမည် မဟုတ်ပဲ လခဖြင့် ငှားရမ်းသွားမည်ဖြစ်ပြီး လက်လွှဲရောင်းချခြင်းများကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက သိရသည် ။

 

ထို့အပြင် ပန်းဈေးတွင် အနက်ပေ (၅၀ဝ) ရှိစက်ရေတွင်း၊ ရေစင် ၊ ရေလှောင်ကန်၊ ၆ ခန်းတွဲ အများသုံး သန့်စင်ခန်း၊ ဈေးရုံးခန်းများ၊ထည့်သွင်း တည်ဆောက်ထားသည် ။

 

သူရိန်လင်း