မူဆယ် ၂၁    အောက်တိုဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ နယ်စပ်ဒေတွင် အမှတ်(၁၂၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မူဆယ် ခရိုင်)မှ ယာဉ်ထိန်း တပ်ဖွဲ့ဝင်များနှင့် ကော်မတီဝင်များပါဝင်သည့်အဖွဲ့စုံသည် မူဆယ်ခရိုင်၊ ယာဉ်စည်းကမ်းထိန်း သိမ်းရေးကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့ မွန်းလွဲပိုင်းက မူဆယ်မြို့အဝင် ပြည်ထောင်စု လမ်းမကြီး (OHC Toll Gate) အနီးနှင့် မူဆယ်မြို့အထွက် ပန်ခမ်းတံတားအနီးတို့တွင် ယာဉ်စည်းကမ်းနှင့် ကိုက်ညီမှုမရှိ သည့်  မော်တော်ယာဉ်များကို  ရှောင်တခင်စစ်ဆေးမှုများဆောင်ရွက်ခဲ့သည်။

 

ရှောင်တခင်စစ်ဆေးမှုများဆောင်ရွက်ရတဲ့အကြောင်းရင်းကတော့ ယာဉ်မောင်းများ သတ်မှတ်လိုင်စင် ကိုင်ဆောင်ကြရန်၊ မမှန်မကန်မော်တော်ယာဉ်နံပါတ်ပြားတွေကို  မော်တော်ယာဉ်မှာ တပ်ဆင်အသုံးမပြုစေ ရေးနဲ့ ယာဉ်စည်းကမ်းနှင့် ကိုက်ညီမှုမရှိတဲ့ယာဉ်တွေကို ခေတ္တရပ်နားခိုင်းပြီးတော့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ ယာဉ်မောင်းလိုင်စင်နဲ့သိကောင်းစရာ နံပါတ်ပြားအကြောင်းတွေကို ပညာပေး ဟောပြော ပေးပါတယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးချစ်စိန်က ယာဉ်စည်းကမ်းဥပဒေနှင့် မကိုက်ညီသည့် ယာဉ်များရှောင်တခင်စစ်ဆေးမှုများ  ဆောင်ရွက်ရခြင်း အကြောင်းကိုပြောကြားသည်။

 

 မူဆယ်မြို့ရှိ ပြည်သူလူထုများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် မူဆယ်မြို့တွင်းတွင် ယာဉ်ကြော ပတ်ဆို့မှုများ လျော့နည်းလာစေရန်အတွက် မြေပြင်တွင် လက်တွေ့ကွင်းဆင်းပညာပေး ဟောပြောပြီး ယာဉ်စည်းကမ်းနှင့် ကိုက်ညီမှု မရှိမော်တော်ယာဉ်များကို မူဆယ်ခရိုင်၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီအဖွဲ့က တစ်ပတ်သုံးကြိမ်ခန့် ရှောင်တခင်စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)