နေပြည်တော် ၂၁  အောက်တိုဘာ

သုတေသနနည်းနာနိဿယ၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက်စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယနေ့ သင်တန်းတွင်ပို့ချမည့် သုတေသန လုပ်ပုံလုပ်နည်း (Research Methodology)   ပြည်သူ့ဆက်ဆံရေး(Public Relations)နှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှု (Information Management)ဆိုသည့် ဘာသာရပ်များသည် ခေတ်ကာလတိုင်းတွင် အရေးပါခဲ့ပြီး ဝန်ကြီးဌာနဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ၊ ပုဂ္ဂလိကလုပ်ငန်းဖြစ်စေ၊ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ အားလုံးအတွက် များစွာအသုံးဝင်ပါကြောင်း။

ယခုခေတ်တွင် နည်းပညာ အရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်လာမှုသည် အရာရာကို များစွာသက်ရောက်မှုများ ရှိလာပါကြောင်း၊ မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း အသုံးပြုမှုအရေအတွက်သည် နိုင်ငံလူဦးရေထက်ပင် များပြားပါကြောင်း၊ နည်းပညာတိုးတက်လာမှုကြောင့် ပြည်သူအများစုမှာ မိုဘိုင်းလ်ဖုန်းအသုံးပြု၍ သတင်းအချက် အလက်ရယူသုံးစွဲသည့်ပုံစံသို့ ပြောင်းလဲလာပါကြောင်း၊ သမားရိုးကျ မီဒီယာများ၏အခန်းကဏ္ဍ အားနည်းလာပါကြောင်း၊ ထို့အတူ အွန်လိုင်းစာကြည့်တိုက် အသုံးပြုမှု များပြားလာပြီး စာကြည့်တိုက်သို့ သွားရောက် အချက်အလက် ရယူမှုလည်း အားနည်းလာပါကြောင်း။

ယနေ့ သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များကို နိုင်ငံ့ဝန်ထမ်းများအတွက် ပြောင်းလဲနေသည့် အချိန်အခါ၊ အခြေအနေ၊ နည်းပညာများနှင့် သဟဇာတဖြစ်အောင် ပြင်ဆင်ထားရှိပါကြောင်း၊ သင်တန်းများအနေဖြင့် သင်တန်းတွင် တက်တက်ကြွကြွ ပါဝင် ဆွေးနွေးကြစေလိုပါကြောင်း၊ ထို့အတူ သင်တန်းမှရရှိလာသည့် အသိပညာ၊ ဗဟုသုတများကိုလည်း ဌာနအတွက်၊ နိုင်ငံအတွက် ထိထိရောက်ရောက် အသုံးချစေလိုသည့်အပြင် သက်တန်းတက်ရောက်ခွင့် မရရှိသည့် လုပ်ဖော်ကိုင်ဖက်များကိုလည်း ထပ်ဆင့်မျှဝေစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် Konrad Adenauer Stiftung (KAS) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Dr. Thomas Knirsch  က ပြည်သူ့ဝန်ဆောင်မှုနှင့် ပြည်သူ့ ဝန်ထမ်းများသည် မည်သည့် နိုင်ငံရေး စနစ်တွင်မဆို အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြပြီး အထူးသဖြင့် မြန်မာနိုင်ငံ၏ မျက်မှောက် အကူးအပြောင်းဖြစ်စဉ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်း အချက်အလက် စိမံခန့်ခွဲမှုဆိုင်ရာခေါင်းစဉ်အကြောင်းအရာအားလုံးသည် လက်ရှိဖြစ်ပေါ်နေ သော ပြည်သူ့ ဝန်ဆောင်မှုပိုင်းဆိုင်ရာ အသွင်ကူးပြောင်းရေးနှင့် ကိုက်ညီလျက်ရှိပါကြောင်း ပြည်သူ့ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးပွားစေရေးကို အားပေးမြှင့်တင်နိုင်စေရန်၊ သင်တန်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ  ကျင်းပနိုင်ရန် အထောက်အပံ့ပြုခွင့်ရသည်ကို ဂုဏ်ယူဝမ်းမြောက် ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ PANNA INSTITUTE  မှ ပညာရပ်ဆိုင်ရာအကြံပေး ဒေါက်တာ တင်မောင် မောင်သန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယခုဖွင့်လှစ်သည့် ဒုတိယအကြိမ် သုတေသနနည်းနာနိဿယ၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက် စိမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ်သင်တန်းကို အောက်တိုဘာ   ၂၅ ရက်အထိ ငါးရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့မှ အရာထမ်း၊ အမှုထမ်း ၅၀  တက်ရောက်ကြ သည်။

ပထမအကြိမ် သုတေသနနည်းနာနိဿယ၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက် စိမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ် သင်တန်းကို ဇွန်လတွင် ဖွင့်လှစ်ခဲ့ပြီး တတိယအကြိမ်သင်တန်းကို လာမည့် ဒီဇင်ဘာလတွင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။

(သတင်းစဉ်)