၂၁ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရောင်းချမည့် မြေကွက်များအတွက် လျှောက်လွှာများရောင်းချရာတွင် နှစ်ပတ်အတွင်း စောင်ရေ ၈၀ဝဝ ခန့်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။
အောက်တိုဘာ ၂၁ ရက်က ရန်မြို့တော်ခန်းမ၌ ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများ၏ မေးမြန်းမှုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသော တိုင်းဒေသကြီးအတွင်းရှိ မြေများကို စီးပွားရေး/စက်မှုလုပ်ငန်း လုပ်ကိုင်ရန်နှင့် လူနေထိုင်ရန် အဆင့်သုံးဆင့်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံလေးမြို့နယ်ရှိ မြေကွက်ပေါင်း ငါးရာကျော်အတွက် မြေအသုံးပြုခွင့် လျှောက်လွှာများကို ယခုလ ၇ ရက်နေ့ကစ၍ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးတွင် ရောင်းချလျှက်ရှိရာ နှစ်ပတ်အတွင်း စောင်ရေ ၇၇၈၆ စောင် ရောင်းချပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။
"အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေများကို ကျွန်တော်တို့ ဝယ်ယူချင်တဲ့ပုဂ္ဂိုလ် အဖွဲ့အစည်း ကော်မတီတွေကို ဝယ်ယူနိုင်ခွင့်ရရှိရေးအတွက် သတ်မှတ်ထားတဲ့ လျှောက်လွှာတွေကို ပြီးခဲ့တဲ့ ၇ ရက်နေ့ကနေပြီးတော့ ရောင်းချပေးခဲ့ပါတယ်၊ အဲဒီအခါမှာ ၁၈ ရက်အထိ လျှောက်လွှာဝယ်ယူသူပေါင်း ၇၇၈၆ စောင် ရောင်းချပြီးဖြစ်ပါတယ်"ဟု ဦးသန်း က ပြောသည်။
အဆိုပါ ပထမအဆင့် မြေရောင်းချမှုပြီးစီးပါက ဒုတိယအဆင့်အနေဖြင့် မြောင်းတကာစက်မှုဇုန်ရှိ စက်မှုမြေကွက် တစ်ရာ့ရှစ်ဆယ်ကျော်ကို ရောင်းချပေးမည်ဖြစ်ကြောင်း၊ တတိယအဆင့်အနေဖြင့် ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်းရှိ ယခင် စိုက်ပျိုးရေးဇုန်အဖြစ် သတ်မှတ်ထားသည့် မြေဧက ကိုးထောင်ကျော်ကို ရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ထိုသို့ လုပ်ဆောင်ခြင်းမှာ အမှန်တကယ် စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလက်မှုလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်နှင့် လူနေအဆောက်အဦအဖြစ် အသုံးချနိုင်ရန်အတွက် လိုအပ်သည့် အဖွဲ့အစည်း လူပုဂ္ဂိုလ်များကို စိစစ်ကာ မြေစီမံခန့်ခွဲမှုကော်မတီက ရောင်းချပေးမည်ဖြစ်ပြီး ရောင်းချလိုက်သည့် မြေများသည် အာမခံချက် အပြည့်ရှိကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားထားသည်။
လက်ရှိ ရောင်းချမည့်မြေများမှာ ယခင်က လျော်ကြေးတစ်စုံတရာမပေးပဲ သိမ်းယူထားခဲ့သည့် မြေများဖြစ်ပြီး ယင်းမြေများ၏ မူလလယ်သမားများကို မြေယာလျော်ကြေးပေးရန်အတွက် ပိုနေသည့် မြေကွက်များကို ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပထမအဆင့် ရောင်းမည့်မြေကွက်များအတွက် လျှောက်လွှာများကို လာမည့် နိုဝင်ဘာ ၈ ရက် နောက်ဆုံးထား၍ ပြန်တင်ရမည်ဖြစ်သည်။
Nyein Nyein


