၂၂  အောက်တိုဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ပန်လင်းဆိုင် (မတ်ကျန်းဒေသ)ရှိ လာဘသိဒ္ဓိ စေတီတော်ကြီးနှင့် ကမ္ဘာ့အကြီးဆုံး နှီးဘုရားကြီးသို့ စာရေးသူသည် အောက်တိုဘာလ တတိယပတ်အတွင်းက ဘုရားဖူးတစ်ခေါက် သွားရောက်ဖြစ်ခဲ့သည်။

နမ့်စန်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၃၁၆၆ ပေတွင် တည်ရှိပြီး စိုက်ပျိုးမြေဧရိယာ ကျယ်ပြန့်သော လွင်ပြင်ဒေသဖြစ်ရာ စပါး၊ ပြောင်း၊ ပဲ၊ နာနတ်၊ ချင်း စသည့် စိုက်ပျိုးသီးနှံများစွာ ဖြစ်ထွန်းအောင်မြင်သော ဒေသဖြစ်သည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းများ များပြား၍ အလုပ်အကိုင် အခွင့်အလမ်းလည်း ပေါများပြီး မြို့ကြီးတစ်မြို့နှင့်မခြား ဖွံ့ဖြိုးတိုးတက် စည်ပင်သာယာသော ဒေသလည်းဖြစ်သည်။

နမ့်စန်မြို့နယ်၌ ယင်းကြား၊ ယင်းနက်၊ ရှမ်း၊ ပအိုဝ်း၊ ပလောင်နှင့် လားဟူ အစရှိသည့် တိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာပေါင်း ၁၅၈ ရွာ ရှိကာ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြကြောင်းသိရသည်။ ထိုတိုင်းရင်းသား ကျေးရွာများမှ ပန်လင်းဆိုင်ဒေသ(မတ်ကျန်းဒေသ)သည် တစ်ချိန်က တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များရှိသော နေရာတစ်ခု ဖြစ်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ပြီးနောက် နမ့်စန်မြို့နယ်အနီး (ယခု ပန်လင်းဆိုင်ဒေသ)တွင် အခြေချနေထိုင်ကာ မိမိတို့၏ ဒေသဖွံ့ဖြိုးရေး လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့်လုပ်ငန်းများကို မနားမနေ ကြိုးစား အကောင်အထည်ဖော်ခဲ့ကြရာ ဆယ်စုနှစ် တစ်ခု ကျော် အတွင်း ဖွံ့ဖြိုးတိုးတက် စည်ကားလာလျက်ရှိသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရသည်။

ပန်လင်းဆိုင်ဒေသသည် နမ့်စန်မြို့၏ အနောက်တောင်ဘက် မြို့အထွက် မှ ရှစ်မိုင်ခန့်အကွာ နမ့်စန်-မိုင်စိတ် ကားလမ်းမကြီးပေါ်တွင် တည်ရှိသည်။ ပန်လင်းဆိုင်ဒေသသည် ယခင်က ကျေးရွာငယ်လေးတစ်ရွာသာ ဖြစ်ခဲ့ရာ ကားလမ်းသည်လည်း ကျောက်ချောလမ်းအဆင့်သာရှိခဲ့သည်။ ယနေ့တွင်မူ ကတ္တရာလမ်းမကြီးက ဖြောင့်ဖြူးကာ မြို့တစ်မြို့နှင့်မခြား စနစ်တကျ အကွက်ရိုက် ဆောက်လုပ်ထားသည့် တိုက်တာကြီးငယ် အဆောက်အအုံ များဖြင့် သန့်ရှင်းသပ်ရပ် စည်ကားလျက်ရှိနေသည်။ ထို့အပြင် ကျောင်း၊ လမ်း၊ ဈေး စသည်တို့ကိုလည်း နေချင်စဖွယ် မြို့အင်္ဂါရပ်နှင့်အညီ တည် ဆောက်ထားသည်ကို တွေ့ရှိရသည်။ ဤသို့သော အခြေအနေများသည် ငြိမ်း ချမ်းရေး၏ အသီးအပွင့်များပင် ဖြစ်သည်။

ပန်လင်းဆိုင်ဒေသ (မတ်ကျန်းဌာနေ)၌ တည်ထားသည့် လာဘသိဒ္ဓိ စေတီတော်ကြီးကို ထူးခြားအံ့ဖွယ်ကောင်းသည့် လက်မှုပညာရပ်များဖြင့် တည်ထားသည်ကို တွေ့ရှိရသည်။ ဘုရားကြီး၏ ရင်ပြင်တော် ပတ်လည်တွင် အင်မတန်မှ လက်ရာမြောက်သည့် သက်ဝင်လှုပ်ရှားနေသည့်အလား နဂါး ပန်းပု ရုပ်လုံးရုပ်ကြွများကို စီမံထုလုပ်ထားသည်။ ယင်းအပြင် ဘုရားကြီး၏ အနီးပတ်ဝန်းကျင်၌ သာသနိက အဆောက်အအုံများ၊ ဓမ္မာရုံများကို ဧရာမ အဆောက်အအုံကြီးများအဖြစ် တည်ဆောက်ထားသည်ကိုလည်း မြင်တွေ့ ရသည်။ ဓမ္မာရုံကြီးအတွင်း၌ ပြခန်းဖွင့်၍ ပန်လင်းဆိုင်ဒေသအကြောင်း၊ ငြိမ်း ချမ်းရေးရယူပြီးနောက် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ခဲ့မှုများ၊ လက်ရှိ လာဘသိဒ္ဓိ စေတီတော်ကြီး တည်ထားကိုးကွယ်မှု စသည့် ၂၀၀၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မှတ်တမ်းမှတ်ရာများကို ခင်းကျင်းပြသထားသည်ကိုလည်း တွေ့ရသည်။

လာဘသိဒ္ဓိ စေတီတော်ကြီးနှင့် မလှမ်းမကမ်းတွင် ကမ္ဘာ့အကြီးဆုံး နှီး ဘုရားကြီးဖြစ်သော ဇိနရဋ္ဌ တေဇမုနိ ဘုရားကြီးကို ထပ်မံ တည်ထားကိုးကွယ် ထားသည်။ ကမ္ဘာ့အကြီးဆုံး ဇိနရဋ္ဌ တေဇမုနိ နှီးဘုရားကြီးသည် ဉာဏ်တော် အမြင့် ၄၃ ပေ ၃ လက်မ၊ တင်ပလ္လင်ခွေအကျယ် ၃၆ ပေ၊ ပလ္လင်တော်အမြင့် ၅ ပေရှိသည်။ သံမပါဘဲ နှီးများသက်သက်ဖြင့်သာ ၁၃၈၀ ခုနှစ် တပေါင်း လပြည့်နေ့(၂၀၁၉ မတ်လ ၂၀ ရက်)တွင် စတင်ရက်လုပ်ခဲ့ပြီး ၁၃၈၀ ခုနှစ် ဝါဆိုလဆန်း ၁ ရက်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။ လက်ရှိအခြေအနေတွင် နေ့စဉ် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိပြီး အထူးသဖြင့် သီတင်း ကျွတ်ကာလအတွင်းနှင့် သီတင်းကျွတ်အလွန်ရက်များတွင် အစည်ကားဆုံး ဖြစ်သည်။

နမ့်စန်မြို့နယ် ပန်လင်းဆိုင်ဒေသ (မတ်ကျန်းဌာနေ)၌ ငြိမ်းချမ်းရေး၏ အသီးအပွင့်များဖြစ်သည့် ဘာသာရေး၊ သာသနာရေး၊ လူမှုရေး၊ လမ်းပန်းဆက် သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ဖွံ့ဖြိုးတိုးတက်နေမှုများကို ဒေသန္တရ ဗဟုသုတ ရရှိစေရန် သွားရောက်လည်ပတ်ရင်း လက်ရာမြောက်လှ သည့် လာဘသိဒ္ဒိ စေတီတော်ကြီးနှင့် ကမ္ဘာ့အကြီးဆုံး ဇိနရဋ္ဌတေဇမုနိ နှီးဘုရားကြီးကိုလည်း ဖူးမြော်ကြည်ညိုနိုင်ရန် အသိပေး ရေးသားလိုက်ရ ပေသည်။ ။

မိုးလွင်ဦး(လွိုင်လင်)