ပဲခူး ၂၂ အောက်တိုဘာ

 

ပဲခူးမြို့ မြို့တော်ခန်းမတွင် ကလေးလုပ်သားစစ်တမ်း (၂၀၁၉-၂၀၂၀) ကောက်ယူနိုင်ရေးအတွက် မြို့နယ်ကြီးကြပ်ရေးမှူးများနှင့် စာရင်းကောက်များအား သင်တန်း ပေးခြင်းနှင့် ရှေ့ပြေးစစ်တမ်း ကောက်ယူခြင်းအတွက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီးဦးထွန်းထွန်းဦးမှ လူငယ်များနှင့် ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ပုံရိပ်ကိုဖန်တီးရာတွင် အလွန်အရေးကြီးသည့်အတွက် လူငယ်များနှင့်ကလေးများသည် နိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သည့် အရင်းအမြစ်များဖြစ်ကြောင်း၊ ဒေသတွင်းဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင်လည်း ကုန်ထုတ် စွမ်းအားကို အထောက်အကူဖြစ်စေမည့် လူငယ်၊ လူရွယ်နှင့် ကလေးများကို အလုပ်သမားအဖြစ် အသုံးပြု လေ့ရှိကြကြောင်း၊ အထူးသဖြင့်ဆင်းရဲနွမ်းပါးမှုနှင့်ဆက်စပ်သည့်စိန်ခေါ်မှုများ ကြုံတွေ့နေရသည့် နိုင်ငံများတွင် ကလေးအလုပ်သမားများပိုမိုအသုံးပြုနေကြသည်ကိုတွေ့ရှိရကြောင်း၊ ကလေး အလုပ်သမား ပပျောက်ရေး လုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနတစ်ခုတည်းနှင့်ဆောင်ရွက်၍မရဘဲ အားလုံးပါဝင်ဆောင်ရွက်ရမည့် အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် အနာဂတ်ပုံရိပ် ကောင်းမွန်ခြင်းအတွက် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတက္ကသိုလ် ပထဝီဝင်ဌာန ပါမောက္ခ ဒေါ်မာမာခင်က အမှာစကားပြောကြားကာ ပဲခူးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ စာရင်း ကောက်ယူရေးလုပ်ငန်း ဆပ်ကော်မတီအတွင်းရေးမှူး ဒေါ်ချိုချိုမြင့်က ကလေးလုပ်သား စစ်တမ်း (၂၀၁၉-၂၀၂၀) ကောက်ယူနိုင်ရေးအတွက် ရှေ့ပြေးစစ်တမ်းကောက်ယူခြင်း သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝ မြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် တိုက်ရိုက်သက်ဆိုင်နေသကဲ့သို့ ပြည်တွင်း ပဋိပက္ခအချို့ကြောင့် ဆင်းရဲနွမ်းပါးမှုများနှင့် ရွှေ့ပြောင်းနေထိုင်မှုများ၊ ရာသီဥတု ပြောင်းလဲခြင်း အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များ၊ စားနပ်ရိက္ခာ မဖူလုံမှုများနှင့် လုမှုစီးပွားဘဝ အကြပ်အတည်းများသည် ကလေးများကိုပညာဆုံးခန်းတိုင်အောင် မသင်ကြာနိုင်ဘဲ ကလေးအလုပ်သမားအဖြစ် တွန်းပို့သည့် အခြေခံအကြောင်းအရာများ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကလေးလုပ်သားစစ်တမ်း(၂၀၁၉-၂၀၂၀) ကောက်ယူနိုင်ရေးအတွက် မြို့နယ်ကြီးကြပ်ရေးမှူးများနှင့် စာရင်းကောက်များအား သင်တန်းပေးခြင်းနှင့် ရှေ့ပြေး စစ်တမ်း ကောက်ယူခြင်းအတွက် သင်တန်းအား အောက်တိုဘာလ (၂၂)ရက်နေ့မှ (၂၄)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ မြို့နယ်ကြီးကြပ်ရေးမှူးများ အပါအဝင် သင်တန်းသား/သူ(၁၀၄)ဦးတက်ရောက်ကြကြောင်းသတင်းရရှိသည်။

 

တင်စိုး(ပဲခူး)