ဘားအံ ၂၂ အောက်တိုဘာ
ကရင်ပြည်နယ်၊ ဘားအံမြို့၊ သံလွင်အနောက်ခြမ်း ဘားကပ်၊ ရသေ့ပျံ၊ ပန်းကုံးနှင့် ကော့ရင်း ကျေးရွာအုပ်စုတို့ရှိ အင်း၊ အိုင်၊ ရေတွင်း၊ ရေကန် အချို့၌ အောက်တိုဘာလ ဒုတိယပတ်ခန့်မှစ၍ ရေများအမဲရောင်သို့ပြောင်းလဲပြီး ငါးငယ် အချို့သေဆုံးခဲ့သည့်အတွက် အဆိုပါရေများအား အသုံးပြုရန် ဒေသခံပြည်သူများမှ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိရာ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၇ နာရီက ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ သောက်ရေ၊ သုံးရေများ သွားရောက် လှူဒါန်းပေး ခဲ့သည်။
ထိုသို့ သွားရောက်လှူဒါန်းရာတွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးအောင်မြတ်မိုး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဘားအံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမျိုးသန့် ဦးစီးသောတပ်ဖွဲ့ဝင်များက ဘားအံမြို့နယ်၊ ဘားကပ်ကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာရှိ သောက်သုံးရေ အခက်အခဲ ဖြစ်နေသော အိမ်ထောင်စု(၉၇)စု၊ လူဦးရေ ၅၄၂ ဦးတို့အတွက် လီတာ ၂၀ ဆံ့ ရေသန့်ဘူးကြီး ၁၀ဝ၊ ရေဂါလန် ၃၀ဝ၀ ဆံ့ တပ်ဖွဲ့ပိုင်ရေသယ်ယာဉ်တို့ဖြင့် ကျေးရွာနေ ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကာ ကရင်ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသည့် ကျေးရွာသူ၊ကျေးရွာသားများအား စဉ်ဆက်မပြတ် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ရေများအရောင်ပြောင်းပြီး ငါးငယ်အချို့သေဆုံးခဲ့မှုအပေါ် National Health Laboratory ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(ဘားအံ)၊ ဘားအံတက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ပတ်တန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ အဆိုပါကျေးရွာများရှိ အင်း၊ အိုင်၊ ရေတွင်း၊ ရေကန်များမှ ရေအရည်အသွေးနှင့် မြေနမူနားများကိုယူ၍ ဓါတ်ခွဲစမ်းသပ်မှုများ၊ စုံစမ်းစစ်ဆေးမှုများ နှင့် ဆန်းစစ်မှုများကို ဆောင်ရွက်လျက်ရှိရာ National Health Laboratory ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့မှ ထွက်ရှိသည့်အဖြေမှာ သောက်ရေသုံးရေ အဖြစ် သုံးစွဲနိုင်သော အဆင့်မီသည့်ရေဖြစ်ကြောင်း၊ ရန်ကုန်နှင့်နေပြည်တော်ရှိ ဓါတ်ခွဲဌာနများသို့ ပေးပို့၍ ဆန်းစစ်မှုများဆက်လက်ဆောင်ရွက်လျက်ရှိရာ ထွက်ရှိလာသည့် အဖြေများကို ပြည်နယ်အစိုးရအဖွဲ့မှ အများပြည်သူသို့ ချပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျေးရွာသူ၊ ကျေးရွာသား များ၏ စိုးရိမ်ပူပင်စိတ်ကို စာနာနားလည်သောအားဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တစ်နာရီလျှင် ရေသန့်လီတာ(၃၀ဝ၀)ကျော်၊ တစ်ရက်လျှင် ၂၀ လီတာ ရေသန့်ဘူးကြီး (၂၀ဝ၀)ကျော်ခန့် ထွက်ရှိသည့် Mobile Water Purification Vehicle ရွေ့လျားရေသန့်စင်စက် မော်တော်ယာဉ်ဖြင့် ရေသန့်များ ဖြန့်ဝေပေးလျက်ရှိသကဲ့သို့ စေတနာရှင် ပြည်သူများမှလည်း ရေများလာရောက်လှူဒါန်းပေးလျက်ရှိကြောင်း၊ အလားတူ ကရင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအမံဖြင့် စက်ရေတွင်းများတူးဖော်၍ ရေသန့်စင်စက်များ တပ်ဆင်ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


