နေပြည်တော်၊ အောက်တိုဘာ ၂၂

 

၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း နည်းပြသင်တန်းအမှတ်စဉ်(၁) သင်တန်း ဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

အစီအစဉ်အရ ရှေးဦးစွာ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း စတင်ဆောင်ရွက်မည့် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး UNFPA မှပရိုဂရမ်ကျွမ်းကျင် ပညာရှင် Mr. DANIEL Msonda က CAPI စနစ်ဖြင့် သန်းခေါင်စာရင်း ကောက်ယူမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

၁

 

ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နမူနာစာရင်း ကောက်ကွက်ပေါင်း (၄၀ဝ၀) ကျော် ကောက်ယူမည်ဖြစ်ပြီး နိုဝင်ဘာလမှစတင်၍ (၄)သုတ်ခွဲကာ ကောက်ယူမည်ဖြစ်သည်။ ယခုကောက်ယူမည့် ကြားဖြတ်သန်းခေါင်စာရင်းကို ယခင်ကောက်ယူ ခဲ့သည့် မေးခွန်းစာရွက်အသုံးပြုသည့်နည်းဖြင့် ကောက်ယူမည်မဟုတ်ဘဲ Mobile Tablet ကို  အသုံးပြုကာ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းမေးမြန်းကောက်ယူသည့်စနစ် (Computer - assisted Personal Interviewing - CAPI ) စနစ်ဖြင့် ကောက်ယူမည်ဖြစ်ပြီး ပထမသုတ်အနေဖြင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် လည်းကောင်း၊ ဒုတိယသုတ်အနေဖြင့် ကရင်၊ ကယား၊ မွန်ပြည်နယ်တို့နှင့် တနင်္သာရီ၊ ဧရာဝတီ တိုင်းဒေသကြီးတို့တွင်လည်းကောင်း၊ တတိယသုတ်အနေဖြင့် ပဲခူး၊ စစ်ကိုင်းနှင့် မကွေးတိုင်း ဒေသကြီးတို့တွင်လည်းကောင်း၊ စတုတ္ထသုတ်အနေဖြင့် ရခိုင်၊ ရှမ်းပြည်နယ်တို့နှင့် ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးတို့တွင်လည်းကောင်း ကောက်ယူသွားမည်ဖြစ်သည်။

 

 ယခုအခါ ပထမ သုတ်ကောက်ယူမည့် ဦးစီးရုံးချုပ်မှဝန်ထမ်းများ၊ သက်ဆိုင်ရာဒေသ အသီးသီးတွင် နည်းပြအဖြစ် ဆောင်ရွက်မည့်ဒေသခံလူငယ်များ၊ စုစုပေါင်း သင်တန်းသား/ သင်တန်းသူ(၃၉)ဦး တက်ရောက်ပြီး  သင်တန်းကာလမှာ ရက်သတ္တ(၂)ပတ်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

 

 (သတင်းစဉ်)