ရန်ကုန်  ၂၂  အောက်တိုဘာ

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာအမျိုးသားလေကြောင်း၊ လေကြောင်းပျံ သန်းမှုလုပ်ငန်း၏ လေယာဉ်မယ်သင်တန်း ၁/၂၀၁၉ သင်တန်းဆင်းပွဲကို ယနေ့နံနက် (၉) နာရီခွဲ တွင် ရန်ကုန်မြို့လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လေကြောင်းပညာသိပ္ပံ၊ သင်တန်း ခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ မြန်မာအမျိုးသားလေကြောင်း အမှုဆောင်အရာရှိချုပ် ဦးသန်းထွန်းမှ သင်တန်း ဆင်းပွဲ အမှာစကားပြောကြားရာတွင် မယ်တို့အနေဖြင့် အနယ်နယ်အရပ်ရပ်က ယှဉ်ပြိုင်လျှောက် ထားသူများထဲမှ အရည်အချင်းဆန်းစစ်မှုအဆင့်ဆင့်ကို အောင်မြင်ခဲ့ကြပြီး ပျံသန်းရေးတာဝန်များ ကို ထမ်းဆောင်ရန်အတွက် Myanmar National Airlines မှ ဖွင့်လှစ်သင်ကြားသော Cabin Crew Initial Training တွင် သက်ဆိုင်ရာ ဘာသာရပ်မျိုးစုံကို ပြည်တွင်း၊ ပြည်ပ၌ စာတွေ့/လက်တွေ့ သင်ကြားခဲ့ရပြီး၊ အရည်အချင်းစစ်စာမေးပွဲများကို အောင်မြင်ခဲ့ကြသော သင်တန်းသူ လေယာဉ်မယ် များဖြစ်သည့်အတွက် အားလုံးကို လှိုက်လှိုက်လှဲလှဲဂုဏ်ပြုကြိုဆိုပါကြောင်း၊ မယ်တို့အနေဖြင့် လုပ် ငန်းခွင်ထဲသို့ ဝင်ရောက်သောအခါ နိုင်ငံပိုင်လေကြောင်းလိုင်း၌ တာဝန်ထမ်းဆောင်ခွင့်ရရှိသော နိုင်ငံ၏ တာဝန်ကိုထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်း လေယာဉ်မယ်များအဖြင့် ဦးစွာပထမ ဂုဏ်ယူရမည်ဖြစ်ပါကြောင်း မိမိတို့၏ တာဝန် ဝတ္တရားများနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကိုလည်း လုပ်ငန်းခွင်အတွင်းရော လုပ်ငန်းခွင်ပြင်ပမှာပါ တစ်သွေမတိမ်းလိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိမိတို့ လေကြောင်းလိုင်း Image တိုးတက်ရာတိုးတက်ကြောင်း အကြံဉာဏ်များကို လည်း မိမိတို့၏ ခရီးသည်များထံမှ အကြံပေးချက်များ၊ အခြားပြည်ပလေကြောင်းလိုင်းများ၏ အတု ယူဖွယ်ကောင်းသော အချက်အလက်များ Social Network , Social Media များမှ ရရှိနိုင်သည်ဖြစ် သည့်အတွက် မယ်တို့အနေဖြင့် မျက်စိနားဖွင့်ထား၍ သေချာစွာလေ့လာပြီး သက်ဆိုင်ရာ ဌာနအကြီးအကဲများကို ကောင်းမွန်သောအကြံဉာဏ်ပေးနိုင်ကြရန် မျက်စိဖွင့် နားစွင့်ထားရမည် ဖြစ်ပါကြောင်း မိမိတို့လေကြောင်းလိုင်းသည် နိုင်ငံတော်အကြီးအကဲများ၏ အထူးခရီးစဉ်များကို အမြဲလိုက်ပါပို့ ဆောင်ပေးနေရသော လေကြောင်းဖြစ်သည့်အတွက် မိမိတို့ဌာန၏ လျှို့ဝှက်ချက်များကို ပြင်ပသို့ မပေါက်ကြားအောင် စောင့်စည်းလိုက်နာရမယ်။ အဲ့တာမှလည်း မိမိကော မိမိလေကြောင်းလိုင်းပါ ဘေးအန္တရာယ်ကင်းရှင်းမှာဖြစ်ပါကြောင်း မြန်မာအမျိုးသား လေကြောင်းကို စီးနင်းနေကြသော ခရီး သည်များမှာ ကိုးကွယ်သည့်ဘာသာစုံ၊ လူပုဂ္ဂိုလ်မျိုးစုံ ဖြစ်ပါသောကြောင့် မည်သည့်ဘာသာကိုမှ အစွန်းရောက်ခြင်းမရှိဘဲ လိုက်ရောညီထွေစွာဖြင့် ခရီးသည်များအားလုံး တန်းတူညီတူအကောင်း ဆုံးဝန်ဆောင်မှုပေးရမည်ဆိုသည့် အသိရှိရန်လည်း လိုအပ်ပါကြောင်း နိဂုံးချုပ်အနေဖြင့် မြန်မာအ မျိုးသားလေကြောင်းကို မိသားစု စိတ်ဓာတ်ဖြင့် ကျရာတာဝန်ကို စေတနာရှေ့ထားကာ ပြည်တွင်းမှာ သာမက ပြည်ပနိုင်ငံများတွင် အကောင်းဆုံးလေကြောင်းလိုင်းအဖြစ်သိရှိအောင် စေတနာအရင်းခံ၍ စွမ်းဆောင်နိုင်သော လေယာဉ်မယ်ကောင်းများဖြစ်အောင် ကြိုးစားရမှာဖြစ်ပြီး မိမိကြောင့် မိမိလေ ကြောင်းလိုင်း၊ မိမိအဖွဲ့အစည်း ဂုဏ်သိက္ခာကျဆင်းခြင်းမရှိဘဲ အမြဲတမ်းဂုဏ်သိက္ခာမြှင့်တင်ပေးနိုင် တဲ့ စံပြလေယာဉ်မယ်များ ဖြစ်အောင် ကြိုးပမ်းသွားကြပါလို့ တိုက်တွန်းပြောကြားခဲ့သည်။

 

ထို့နောက်အမှုဆောင်အရာရှိချုပ် ဉီးသန်းထွန်းမှ ပထမဆုရ မသဇင်ဗိုလ်၊ ဒုတိယဆုရ မဖူးပြည့်ထွန်း၊ တတိယဆုရ မနန်းယဉ်နွယ်တို့အား ဆုတံဆိပ်များအားလည်းကောင်း လေကြောင်း ပညာသိပ္ပံကျောင်းအုပ်ကြီး ဦးဇော်ဇော်မှ သင်တန်းဆင်းလေယာဉ်မယ် (၂၇) ဦးတို့အား သင်တန်း ဆင်းအောင်လက်မှတ်များအားလည်းကောင်း၊ လေကြောင်းပျံသန်းရေးလုပ်ငန်းဌာနမှူး ကပ္ပတိန် ခုပ်ခန့်မုံမှ တောင်ပံများအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် (၁/၂၀၁၉) သင်တန်းမှတ်တမ်း ဗီဒီယိုအား ပြသပါသည်။ ထို့နောက် သင်တန်းသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိ သည်။

 

MDN