နေပြည်တော် ၂၂ အောက်တိုဘာ

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ၏ အပြီးသတ်အစီရင်ခံစာ ရေးသားနိုင်ရေး အကြံပြုညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် I-20 ကျင်းပရာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဉက္ကဋ္ဌ ဉီးအေးသာအောင် တက်ရောက်၍ အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ကော်မတီဉက္ကဋ္ဌ ဉီးအေးသာအောင်က မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပြည်တွင်းပဋိပက္ခနှင့် ပတ်သက်၍ အတွေ့ကြုံရှိသည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ၍ အချက်အလက်များကို ရယူခဲ့ပါကြောင်း၊ ရယူခဲ့သည့် အချက်အလက်များ အပေါ်တွင် အခြေခံ၍အတွင်းရေးမှူးကို အစီရင်ခံစာ မူကြမ်းရေးသားရန်အတွက် တာဝန်ပေးခဲ့ပါကြောင်း၊ ထိုမူကြမ်းကို ယနေ့အစည်းအဝေးတွင် တင်ပြမည်ဖြစ်ပါကြောင်း၊ ထိုမူကြမ်းကို ကော်မတီဝင်များအနေဖြင့် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်စရာရှိပါက ပယ်ဖျက်ခြင်းတို့ကို ပြုလုပ်နိုင်ပါကြောင်း၊ ကော်မတီဝင်များ ပြင်ဆင်ဖြည့်စွက်ခဲ့သည့် ဒုတိယမူကြမ်းကို ရေးဆွဲပြီး ထပ်မံအစည်းအဝေးခေါ်ယူ၍ တတိယမူကြမ်းကို ပြင်ဆင်မည်ဖြစ်ပါကြောင်း၊ တတိယမူကြမ်းကို အချောရရှိပါက အတည်ပြုပြီး ကော်မတီဝင်များအားလုံး လက်မှတ်ရေးထိုး၍ အစီရင်ခံစာကို တင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ အတွင်းရေးမှူး ဉီးတင်မြင့်က အစီရင်ခံစာမူကြမ်းအား တစ်ပိုဒ်ချင်းစီ ပရိုဂျက်တာဖြင့် ရှင်းလင်းပြသသည်။

ယင်းနောက် ကော်မတီအဖွဲ့ဝင်များက အဆိုပါမူကြမ်းအား ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်လိုသည့် အချက်တို့ကို ဆွေးနွေးသုံးသပ်ခဲ့ကြသည်။

ထို့နောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဉက္ကဋ္ဌ ဉီးအေးသာအောင်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ ဒုတိယဉက္ကဋ္ဌ() ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဥက္ကဋ္ဌ() ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးညီပု၊ ကော်မတီဝင်များဖြစ်ကြသည့်  ဒုတိယရှေ့နေချုပ် ဉီးဝင်းမြင့်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ဉီးဇော်အေးမောင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း) ဒေါက်တာညီလှငယ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်အောင်နိုင်သူတို့ တက်ရောက်ကြသည်။

သတင်းစဉ်