သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်
နိုဝင်ဘာတွင်ကစားမည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင် အသင်းကို ကစားသမား ၃၅ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ် အန်တွမ်နီဟေးသည် အောက်တိုဘာ ၂၁ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး အောက်တိုဘာ ၂၂ ရက်တွင် ပဏာမလူစာရင်းကို ထုတ်ပြန်ကြေညာကာ ညနေပိုင်းတွင် လေ့ကျင့်မှု စတင်ပြုလုပ်ခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် နည်းပြချုပ် အပြောင်းအလဲ ပြုလုပ်ခဲ့သလို နည်းပြအဖွဲ့ဝင်များကိုလည်း ပြောင်းလဲခဲ့သည်။ အန်တွမ်နီဟေးနှင့်အတူ လက်ထောက်နည်းပြများအဖြစ် ဦးကြည်လွင်၊ ဦးမင်းထွန်းလင်း၊ ဦးမြင့်ကို၊ ဂိုးနည်းပြ-ဦးစိုင်းမောင်မောင်ဦးတို့က တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်သည်။
ယခု ပြန်လည်ဖွဲ့စည်းလိုက်သည့် မြန်မာ့လက်ရွေးစင်အသင်းတွင် လက်ရွေးစင်အသင်းနှင့် ကာလအတန်ကြာ ဝေးကွာ နေသူများနှင့် မျက်နှာသစ် ကစားသမားအချို့ ပြန်ပါလာပြီး နောက်ဆုံးကစားသည့် ကာဂျစ္စတန်နှင့်ပွဲတွင် ပါဝင်ခဲ့ခြင်း မရှိသည့် ကျော်ဇင်ထက် (ဂိုး)၊ သိန်းသန်းဝင်းတို့လည်း ပြန်လည်ရွေးချယ်ခံခဲ့ရသည်။
မြန်မာ့လက်ရွေးစင် အသင်းသည် ယခုလကုန်အထိ ရန်ကုန်မြို့၌ လေ့ကျင့်မည်ဖြစ်ပြီး နိုဝင်ဘာ ၁ ရက်တွင် မန္တလေးမြို့သို့ သွားရောက်လေ့ကျင့်မည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် နိုဝင်ဘာ ၁၄ ရက်တွင် တာဂျစ်ကစ္စတန်အသင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် မွန်ဂိုလီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းပွဲမတိုင်မီ နိုဝင်ဘာ ၇ ရက်တွင် နီပေါ လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားမည်ဖြစ်သည်။ ယင်းသုံးပွဲစလုံးကို မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းတွင် နည်းပြချုပ်-အန်တွမ်နီဟေး၊ လက်ထောက်နည်းပြ-ဦးကြည်လွင်၊ ဦးမင်းထွန်းလင်း၊ ဦးမြင့်ကို၊ ဂိုးနည်းပြ-ဦးစိုင်း မောင်မောင်ဦး၊ ဂိုးသမား-ကျော်ဇင်ထက် (ရန်ကုန်)၊ ကျော်ဇင်ဖြိုး (ဧရာဝတီ)၊ ပြည့်လျှံအောင် (ရတနာပုံ)၊ ပြည့်ဖြိုးအောင် (Southern) ၊ နောက်တန်း-ဇော်မင်းထွန်း (ချောင်ဘူရီ)၊ စိုးမိုးကျော်၊ ဇော်လင်း၊ ဇော်ဝင်း၊ ကျော်ဇင်လွင် (ဧရာဝတီ)၊ ငြိမ်းချမ်း (ရခိုင်)၊ ဇော်ရဲထွန်း၊ သိန်းသန်းဝင်း (ရတနာပုံ)၊ ပြည့်ဖြိုးဇော် (ရန်ကုန်)၊ ဒေးဗစ်ဒန်း၊ နန္ဒကျော် (ရှမ်း)၊ အလယ်တန်း-ရန်နိုင်ဦး၊ ဆွမ်လမန် (ရှမ်း)၊ ရန်အောင်ကျော်၊ ငြိမ်းချမ်းအောင်၊ ကြည်လင်း၊ မောင်မောင်လွင် (ရန်ကုန်)၊ ရန်ပိုင်စိုး၊ တင်ဝင်းအောင် (ဧရာဝတီ)၊ သန်းဇော်မျိုး (Southern)၊ လှိုင်းဘိုဘို၊ စည်သူအောင်၊ မျိုးကိုထွန်း (ရတနာပုံ)၊ သန်းထက်အောင် (ဆာမတ်ဆာခွန်)၊ ရှေ့တန်း-ကျော်ကိုကို (ဆာမတ်ပရာခန်)၊ အောင်သူ (မြောင်တောင်)၊ ဝင်းနိုင်စိုး (ရတနာပုံ)၊ ဇင်မင်းထွန်း၊ ဒွေးကိုကိုချစ် (ရှမ်း)၊ သန်းပိုင်(ရန်ကုန်)၊ ကောင်းစည်သူ (Southern) တို့ ပါဝင်ကြသည်။