သတင်း-ဖိုးသော်ဇင်

ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်

မြန်မာနိုင်ငံတွင် ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် နှင့် မြန်မာပီဂျီအေတို့က ကြီးမှူး၍ Phyo Si Thu Teak Plantation (Myanmar) & Bago Yoma Eco Resort (Myanmar) က အဓိကကူညီပံ့ပိုးသည့် ၂၀၁၉ခုနှစ်၊ မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ(ပဉ္စမပွဲစဉ်) ဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ပထမနေ့နှင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်ဦးမြို့ရှိ  ပုဂံဂေါက်ကွင်း၌ ကျင်းပသည်။

ဖွင့်ပွဲတွင် အားကစားသမားများ သတ်မှတ်တီခုံပေါ်တွင် နေရာယူကြပြီး မြန်မာနိုင်ငံဂေါက်သီး အဖွဲ့ချုပ်နှင့်မြန်မာပီဂျီအေ ဥက္ကဋ္ဌ ဦးကိုကိုအေး၊ Bago Yoma Eco Resort မန်နေးဂျင်းဒါရိုက်တာ ဦးရန်နိုင်လွင်၊ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်၊ Adventure  Myanmar Tours & Incentives , Amazing Holidays  Hotel  & Resort  Chairman နှင့် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်မျိုးမင်းဒင်၊ မြန်မာနိုင်ငံ သက်ကြီးတန်း အဆင့်မြင့် ဂေါက်သီးရိုက် ပညာရှင်များအသင်း ဆပ်ကော်မတီဥက္ကဋ္ဌ ဦးမြင့်သောင်းတို့က အလှည့်ကျ ဂေါက်သီးရိုက်ကာ ဖွင့်လှစ်ပေးခဲ့သည်။

ယင်းပြိုင်ပွဲတွင် ပညာရှင်အဆင့်(၃၄)ဦး၊ သက်ကြီးတန်း အပညာရှင်အဆင့် (၃၃)၊ ဝါသနာရှင်အဆင့် (အမျိုးသား) (၁၀၉)ဦး၊ ဝါသနာရှင်အဆင့် အမျိုးသမီး(၁၂)ဦး စုစုပေါင်း အားကစားသမား(၁၈၈)ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အောက်တိုဘာ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲ ပထမနေ့အပြီးတွက်  ပညာရှင်အဆင့်ပြိုင်ပွဲ၌ သိန်းနိုင်စိုး (HAN Golf Academy) သတ်မှတ်ရိုက်ချက်ထက် (၆)ချက် လျော့ရိုက်ကာ ပထမ၊ ဟိန်းစည်သူ (Phyo Si Thu Teak Plantation Myanmar & Bago Yoma Eco Resort Myanmar) က သတ်မှတ် ရိုက်ချက်ထက်(၅)ချက် လျော့ရိုက်ကာ ဒုတိယ၊ နိုင်နိုင်လင်း (Taylormade) က သတ်မှတ်ရိုက်ချက်ထက်(၃) ချက်လျော့ရိုက်ကာ တတိယနေရာ၊ ဝါသနာရှင်အဆင့် (အမျိုးသား)ပြိုင်ပွဲတွင် လှိုင်မင်းထက်က သတ်မှတ် ရိုက်ချက်ထက် (၃)ချက်လျော့ရိုက်ကာ ပထမ၊ မင်းနိုင်စိုးက သတ်မှတ်ရိုက်ချက်ထက် (၂)ချက်လျော့ရိုက်ကာ ဒုတိယ၊ လှိုင်မြင့်ဇော်က သတ်မှတ်ရိုက်ချက်ထက် (၁)ချက်လျော့ရိုက်ကာ တတိယနေရာတို့တွင် ရပ်တည်လျက်ရှိသည်။

၂၀၁၉ ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲများကို Myanmar Zwe Mann Co,.Ltd, MWD Bank, Telecom International Myanmar Co., Ltd (Mytel), SAE PAING Development Ltd, Phyo Si Thu Teak Plantation (Myanmar) & Bago Yoma Eco Resort (Myanmar), INNWA Bank တို့က အဓိက ကူညီပံ့ပိုးပေးထားပြီး အားကစားသမားများ သွားလာမှု လွယ်ကူစေရန်အတွက် ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်က အခမဲ့ ကူညီပံ့ပိုး ပေးထားသည်။