လွိုင်ကော်  ၂၂  အောက်တိုဘာ

ကမ္ဘာ့ဘဏ်မှ ကယားပြည်နယ်အတွင်း ဆောင်ရွက်ရန် အဆိုပြုထားသည့် ငြိမ်းချမ်းသာယာဝပြောသော ကျေးရွာစီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင်နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ယနေ့ပြုလုပ်သည့် အစည်းအဝေးသည် ငြိမ်းချမ်းသာယာ၍ စည်ပင်ဝပြောသော ရပ်ရွာအသိုင်းအဝိုင်းများ ဖော်ဆောင်ရေးစီမံကိန်း (PPCP)အတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာမူဘောင် (မူကြမ်း)အား အများပြည်သူများ သိရှိနားလည်နိုင်စေရန် ချပြရှင်းလင်းသည့် အစည်းအဝေးဖြစ်ကြောင်း၊ ကယားပြည်နယ်အတွင်း ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရဌာန အဖွဲ့အစည်းအသီးသီးတို့မှ မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကယားပြည်နယ်တွင် ကျေးရွာလူထုအား အခြေပြု၍ ဆောင်ရွက်သည့် စီမံကိန်းများအနက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် လူထုဗဟိုပြု စီမံကိန်းသည် အောင်မြင်မှုရှိ၍ အသိအမှတ် ပြုပါကြောင်း၊ လူထုဗဟိုပြု စီမံကိန်းကြောင့် ကျေးရွာလူထု၏ အခြေခံအဆောက်အဦ လိုအပ်ချက်များကို အတိုင်းအတာတစ်ခုထိ ဖြည့်ဆည်းပေးနိုင်ခဲ့သလို ကျေးရွာလူထု၏ စွမ်းဆောင်ရည်ဟာလည်း မြင့်တက်နေပြီဟု ယုံကြည်ပါကြောင်း၊ ရာသီဉတု ဆိုးရွားမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင်နှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသူများမှ ငြိမ်းချမ်းသာယာဝပြောသော ကျေးရွာစီမံကိန်း ဖြစ်မြောက်အောင် ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ဝိုင်းဝန်းအကြံပြုပေးကြရန် စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်) ညွန်ကြားရေးမှူး ဦးလှခိုင်မှ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် စီမံခန့်ခွဲမှုမူဘောင်(ESMF)နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဦးလှခိုင်မှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်သား