မကွေး   ၂၂  အောက်တိုဘာ

မကွေးဆေးတက္ကသိုလ်တွင် ပညာသင်ကြားလျက်ရှိသော ဘွဲ့လွန်ကျောင်းသား ကျောင်းသူများနှင့် ဒုတိယနှစ် အမ်ဘီဘီအက်စ် ဆေးကျောင်းသား ကျောင်းသူများအတွက် သင်ကြားမှု၊ သင်ယူမှုတွင် အထောက်အကူ ပြုစေရန်အတွက် ခန္ဓာကိုယ်အလှူရှင်များ လိုအပ်လျက်ရှိရာ တန်ဖိုးရှိသောလူသားများ အသင်းချုပ်က ဦးစီးဦးဆောင်ပြု၍ မျက်ကြည်လွှာ၊ ခန္ဓာကိုယ်နှင့် ကိုယ်တွင်းအင်္ဂါများ စုပေါင်းလှူဒါန်းပွဲကို ယမန်နေ့က ဆေးတက္ကသိုလ်(မကွေး) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဆေးတက္ကသိုလ်တွင် ခန္ဓာဗေဒဘာသာရပ်ကို လေ့လာရာ၌ ဆေးပညာ ဖွံ့ဖြိုးတိုးတက်မှုရှိစေရန်အတွက် မိမိတို့၏ ခန္ဓာကိုယ်များကို ကြိုတင်၍ လှူဒါန်းလိုပါက လှူဒါန်းနိုင်ပြီး ကြိုတင်လှူဒါန်းမထားသော်လည်း အရေးပေါ် အကြောင်းကိစ္စကြီးငယ် ကြုံလာ၍ ရုတ်တရက်သေဆုံးပြီး လှူဒါန်းလိုပါကလည်း ချက်ချင်းလှူဒါန်းနိုင်ကြောင်း သိရဿည်။

ယခု စုပေါင်းလှူဒါန်းမှုတွင် မကွေး၊ နေပြည်တော်၊ ပျဉ်းမနား၊ ကျောက်ပန်းတောင်း၊ မြို့သစ်နှင့် နတ်မောက် မြို့နယ်များမှ လာရောက်လှူဒါန်းကာ မျက်ကြည်လွှာအလှူရှင် (၅၈)ဦး၊ ခန္ဓာကိုယ်အလှူရှင် (၃၈)ဦးနှင့် ကိုယ်တွင်းအင်္ဂါများ အလှူရှင်(၃၃)ဦး စုစုပေါင်း(၁၂၉)ဦး လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မျက်ကြည်လွှာ၊ ခန္ဓာကိုယ်နှင့် ကိုယ်တွင်းအင်္ဂါများ လှူဒါန်းမှုနှင့် ပတ်သက်၍ တန်ဖိုးရှိသော လူသားများအသင်းချုပ်မှ ဦးဇေသူကိုကိုကမျက်စိပါရဂူ ပါမောက္ခဆရာကြီးတစ်ဦး၏ ပြောပြချက်အရ မျက်ကြည်လွှာ လိုအပ်နေသူဟာ မြန်မာတစ်နိုင်ငံလုံးမှာ များစွာရှိနေကြောင်း သိရပြီး မျက်ကြည်လွှာ အလှူခံဌာနတစ်ခုကို မွေးရပ်မြေဖြစ်တဲ့ ဒါးပိန်မြို့မှာ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်၊ လှူဒါန်းလိုသူတွေ အများအပြား ရှိနေသော်လည်း မသိလို့ မလှူကျတာကို သွားတွေ့ရပြီး ကျွန်တော့်အနေဖြင့် စုပေါင်းလှူဒါန်းပွဲလေးတွေ ကျင်းပတဲ့အခါမှာ လှူဒါန်းသူတွေ သဒ္ဓါတရား မြင့်မားလာတဲ့အတွက် မျက်ကြည်လွှာတင်မက ခန္ဓာကိုယ်နှင့် ကိုယ်တွင်းအင်္ဂါတွေပါ လှူဒါန်းလာကျပါတယ်၊ မျက်ကြည်လွှာ၊ ခန္ဓာကိုယ်နှင့် ကိုယ်တွင်းအင်္ဂါများ စုပေါင်းလှူဒါန်းပွဲကို ၂၁--၂၀၁၉ ရက်နေမှာ စတင်ခဲ့လို့ လစဉ် ၂၁ ရက်နေ့တိုင်း စုပေါင်းလှူဒါန်းပွဲ ကျင်းပပါတယ်၊ ကျင်းပတယ်ဆိုပေမယ့် လှူဒါန်းခွင့်ရတဲ့မြို့က ရန်ကုန်၊ မန္တလေး၊ မကွေးနဲ့ တောင်ကြီးမြို့စတဲ့ မြို့ကြီး ()မြို့မှာရှိတဲ့ ဆေးတက္ကသိုလ်များမှာ ခန္ဓာကိုယ်တွေ လှူဒါန်းပြီးတော့ ကျွန်တော်တို့ကျတော့ မျက်ကြည်လွှာနဲ့ ကိုယ်တွင်းအင်္ဂါတွေ လက်ခံပေးတဲ့အတွက် တစ်နေရာထဲမှာပဲ လှူဒါန်းတဲ့သူတွေဟာ လွယ်လွယ်ကူကူနဲ့ မျက်ကြည်လွှာဆို အသက်(၉၀)အောက်နဲ့ ကိုယ်တွင်းအင်္ဂါက အသက်(၄၀)အောက်၊ ခန္ဓာကိုယ်ကတော့ (၁၈)နှစ်ပြည့်ပြီးပြီဆိုပါက အသက်(၁၀၀)ကျော်တဲ့အထိ လှူဒါန်းလို့ရအောင် ဆိုပြီးတော့ စီစဉ်ပေးထားပါတယ်”ဟု ပြောသည်။

ကိုယ့်ရဲ့ခန္ဓာကိုယ်ဟာ တန်ဖိုးလည်း အရမ်းရှိပါတယ်၊ လှူဒါန်းလိုက်တဲ့ ခန္ဓာကိုယ်ကြီးဟာ တခြားသူတွေ အလင်းရသွားမယ်၊ အသက်ရှင်သန်ခွင့်တွေ ရသွားမယ်၊ တခြားသူတွေ နောက်မျိုးဆက်ကို ဆေးကုသခွင့် ရခဲ့မယ်ဆိုရင် အင်မတန်မွန်မြတ်တဲ့ လှူဒါန်းခြင်းပဲ ဖြစ်ပါတယ်၊ ဒါကြောင့်မို့ ကျွန်တော်တို့တွေ လှူဒါန်းလိုက်မယ်ဆိုရင် တန်ဖိုးရှိသော လူသားတွေ ဖြစ်သွားကြပါစေလို့ ဆန္ဒပြုပါတယ်”ဟု  ၎င်းက ဆက်လက်ပြောကြားသည်။

သန်းနိုင်ဦး(ငဖဲ)