မင်းဘူး ၂၃ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင် ပြည်သူများအား ယူနီကုဒ် အသုံးပြုတတ်စေရန် အတွက် ယမန်နေ့ နံနက် ၁၁ နာရီက လက်တွေ့ပြသခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ခရိုင်ဉီးစီးအရာရှိ ဒေါ်မျိုးမျိုးသွယ်က အောက်တိုဘာ ၁ ရက်မှ စတင်ပြောင်းလဲ အသုံးပြုခဲ့သော ယူနီကုဒ် စံစနစ်ကို ပြည်သူများအားလုံး လိုက်ပါပြောင်းလဲ အသုံးပြုတတ်စေရန်နှင့် ယူနီကုဒ်၏ အသုံးဝင်ပုံများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မင်းဘူးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ လာရောက်ထုတ်ယူသော ကျေးရွာနေပြည်သူများအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာန၊ ခရိုင်ဉီးစီးအရာရှိ ဒေါ်မျိုးမျိုးသွယ်နှင့် ဝန်ထမ်းများက ယူနီကုဒ် အသုံးပြုတတ်စေရန် ဖုန်းများဖြင့် လက်တွေ့ပြောင်းလဲ အသုံးပြုဆောင်ရွက်ကြကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)


