ပူတာအို ၂၃ အောက်တိုဘာ
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းသည် ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမြင့်ဆွေ လိုက်ပါလျက် ပူတာအိုမြို့နယ် မတ်ပန်ကွင်းတွင် စိုက်ပျိုးထားသော မိုးစပါးစံပြစိုက်ခင်းများကို အောက်တိုဘာ ၂၀ ရက် နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးပြီး မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပူတာအိုခရိုင်စို က်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆောင်းက ခရိုင်အတွင်း မိုးစပါးစိုက်ပျိုးမှုအခြေအနေနှင့် မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းတိုးတက်ရေးနှင့် စားသုံးသူများ၏ ဘေးအန္တရာယ်လုံခြုံရေးကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သို့မှသာ စားသုံးသူများအနေဖြင့် သက်ရှည်ကျန်းမာလာမည်ဖြစ်ကြောင်း၊ ပူတာအို ဒေသသည် သီးနှံစိုက်ပျိုးရာတွင် ဓါတုဗေဒ ပိုးသတ်ဆေးများနှင့် ဓါတ်မြေသြဇာများကို သုံးစွဲမှုနည်းသဖြင့် စိုက်ပျိုးရေးထုတ်ကုန်များကို စားသုံးသူများအနေဖြင့် ဘေးအန္တရာယ် လုံခြုံမှုရှိပြီး သက်ရှည်ကျန်းမာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဓါတုကင်းလွတ်ဇုန် သတ်မှတ်နိုင်ရန် သီးနှံစိုက်ပျိုးရာတွင် ဓါတုဗေဒဆေးဝါးနှင့် ဓါတ်မြေသြဇာများထက် သဘာဝမြေသြဇာနှင့် သဘာဝ ပိုးသတ်ဆေးများကိုသုံး စွဲရမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသည့် တောင်သူများက စိုက်ပျိုးရေးနှင့်ပတ်သက်၍ တွေ့ကြုံရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးကြရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက မေးမြန်းဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)


