မြစ်ကြီးနား ၂၃ အောက်တိုဘာ

 

ကချင်ပြည်နယ်အတွင်း ခရိုင်နှင့် မြို့နယ်များအလိုက် စည်ပင်သာယာရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့အခြေစိုက် သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲကို အောက်တိုဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ထို့သို့ သတင်းထောက်များနှင့်တွေ့ဆုံစဉ် မေးမြန်းမှုများအပေါ် ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ်က “ပြည်သူတွေကိုယ်တိုင်ကလည်း ကျွန်တော်တို့ရဲ့ ဥပဒေဘောင်အတွင်းမှာ ပါဝင်ကူညီဆောင်ရွက်လာဖို့က အဓိကကျပါတယ်၊ ပြည်သူတွေ ကိုယ်တိုင်က သူတို့ရဲ့အကျိုးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်မှသာလျှင် ကျွန်တော်တို့ရဲ့ စည်ပင်သာယာရေး လုပ်ငန်းအောင်မြင်မှာ ဖြစ်သလို ခုနကမေးတဲ့ မေးခွန်းတွေလို ကျူးကျော်နေရာတွေမှာလဲ မကျူးကျော်ရဘူး၊ မလုပ်ရဘူးဆိုတဲ့ ဥပဒေဘောင်အတွင်းထဲမှာ လုပ်ကိုင်နေထိုင်ရမှန်း သိရက်သားနဲ့ ပြည်သူလူထုကိုယ်တိုင်က ပူးပေါင်းပါဝင်လာတာ မရှိဘူးဆိုရင် ကျွန်တော်တို့အနေနဲ့လဲပဲ ဒီလိုနေရာမှာ ပြည်သူလူထုကိုယ်တိုင် ပူးပေါင်းပါဝင်လာဖို့ ဖိတ်ခေါ်ချင်ပါတယ် ဟု ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

 

ထို့ပြင် ပြည်နယ်ဝန်ကြီးက မြစ်ကြီးနားမြို့နယ် စည်ပင်သာယာဧရိယာတွင် ရပ်ကွက် ၂၈ ရပ်ကွက်ရှိပြီး ပြည်သူ သိန်းဂဏန်းရှိနေကြောင်း၊ ၂၈ ရပ်ကွက်အတွက် စည်ပင်သာယာ အမှိုက်သိမ်းယာဉ် ၁၆ စီးသာရှိပြီး ဝန်ထမ်းတစ်ရာကျော်သာရှိကြောင်းနှင့် မြို့သန့်ရှင်းလှပေရေး အတွက် အားလုံးကဖြစ်ချင်ကြောင်း၊ သို့သော်လည်း ပြည်သူတစ်သိန်းကျော်လောက်က ပူးပေါင်းပါဝင်မှုမရှိဘဲ အမှိုက်တွေကို အမှုမဲ့အမှတ်မဲ့ ချနေခဲ့မယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ကြောင်း၊ ဒါကြောင့် ပြည်သူအားလုံးကို ပူးပေါင်းကူညီဆောင်ရွက်ဖို့ ဖိတ်ခေါ်လိုကြောင်း မြစ်ကြီးနားမြို့နယ်နှင့် ဥပမာပေးဖြေကြားခဲ့သည်။

 

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မြစ်ကြီးနားအခြေစိုက် သတင်းမီဒီယာသမားက စည်ပင်သာယာရေး လုပ်ငန်းများနှင့်ပတ်သက်၍ စည်ပင်နယ်နိမိတ်အတွင်း ကျူးကျော်မြေယာ ကိစ္စရပ်များ၊ မြစ်ကြီးနားဈေးနှင့် ပတ်သက်သည့်ကိစ္စရပ်များ၊ အမှိုက်စွန့်ပစ်သည့် လုပ်ငန်းများနှင့် ဘဏ္ဍာနှစ်အလိုက် စည်ပင်သာယာရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့ကို မေးမြန်းခဲ့ကြရာ ပြည်နယ်ဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။

 

ပြည်နယ်(ပြန်/ဆက်)