မြစ်ကြီးနား  ၂၃ အောက်တိုဘာ

 

ကချင်ပြည်နယ်အတွင်း ၂၀၁၉ ခုနှစ် နိုင်ငံတစ်ဝန်း ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ပြည်နယ်အဆင့် အသိပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီတွင် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

 

ဆွေးနွေးပွဲတွင်  ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းက ၂၀၁၆ ခုနှစ်မှစတင်၍ သုံးနှစ်အပြီး ၂၀၁၉ ခုနှစ်အတွက် မိမိတို့ ကချင်ပြည်နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ ကလေးများကို နိုင်ငံတစ်ဝန်း ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်းလုပ်ငန်း အစီအစဉ်တွင် ပြည်နယ်အတွင်းရှိ အသက်(၉)လမှ (၅)နှစ်ခွဲအရွယ် လျာထားကလေး (၁၃၇၅၂၂)ဦးကို ပထမ အစီအစဉ်အနေဖြင့် ယခုလအတွင်း မြို့နယ် (၁၇)မြို့နယ်တွင် လည်းကောင်း၊ ကျန်ရှိသော မချမ်းဘောမြို့နယ်ကို နိုဝင်ဘာလအတွင်း လည်းကောင်း အစီအစဉ်(၂)ခုခွဲ၍ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးသွားမှာဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအေးသိန်းက ကချင်ပြည်နယ် အတွင်း ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေးလုပ်ငန်းနှင့် ပတ်သက်၍ ပြည်နယ်အဆင့် လုပ်ငန်းများ၊ မြို့နယ်အဆင့် လုပ်ငန်းများ စီမံဆောင်ရွက်ထားရှိမှု အခြေအနေ အသေးစိတ်ကို ရှင်းလင်းတင်ပြခဲ့သည်။

 

အဆိုပါ ၂၀၁၉ ခုနှစ်အတွက် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ပြည်နယ်အတွင်း အစီအစဉ် (၂)ခုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမအစီအစဉ်အဖြစ် ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ တနိုင်း၊ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်၊ မန်စီ၊ မိုးမောက်၊ ရွှေကူ၊ ပူတာအို၊ ခေါင်လန်ဖူးနှင့် ဆွမ်ပရာဘွမ်တို့တွင် အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးကို လည်းကောင်း၊ ကျန်ရှိသော မချမ်းဘောမြို့နယ်အတွင်း နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ဝက်သက်ဂျိုက်သိုးရောဂါကာ ကွယ်ဆေးများကိုလည်းကောင်း အသက်(၉)လမှ (၅)နှစ် ခြောက်လ မကျော်သည့် ကလေးများကို အစုလိုက် ထိုးနှံတိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

 

(ပြည်နယ် ပြန်/ဆက်)