မိုင်းဆတ် ၂၃ အောက်တိုဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်နှင့် တာချီလိတ်ခရိုင်အား ဆက်သွယ်ထားသော မိုင်းဆတ်- တာချီလိတ် ကားလမ်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရာသီမရွေး သွားလာနိုင်အောင် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“၂၀၁၉-၂၀၂ဝ ဘဏ္ဍာနှစ် မိုင်းဆတ်-တာချီလိတ်လမ်းအတွက် ပြည်ထောင်စုနဲ့ ပြည်နယ် ရန်ပုံငွေကျပ်သန်း (၄၁၂၀ ဒသမ ၃၂၁) သန်းခွဲ ဝေချထားပေးပါတယ်၊ ပြည်ထောင်စု ရန်ပုံငွေကျပ် သန်း(၁၆၄၈)သန်းနဲ့ ပြည်နယ်ရန်ပုံ ငွေကျပ်သန်း (၁၈၂၅ ဒသမ ၅၇)သန်း စုစုပေါင်း ကျပ်သန်း(၃၄၇၃ ဒသမ ၅၇)သန်းကို မိုးရာသီမှာ သွားလာရေးခက်ခဲတဲ့ လမ်းပိုင်း(၁၂)နေရာတွင် ကွန်ကရစ်ခင်းပြီး ကျန်တဲ့လမ်းပိုင်းတွေကို ခရီးသွားပြည်သူတွေ ရာသီမရွေး သွားလာနိုင်အောင် ဆောင်ရွက်ပေးသွားမည်ဟု” ဟု မိုင်းဆတ်မြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သူဇာခိုင်က ပြောသည်။
“အခုလို မိုးရာသီမှာ သွားလာရခက်ခဲတဲ့ လမ်းပိုင်းတွေကို ကွန်ကရစ်ခင်းပေးပြီး ရာသီမရွေး သွားလာနိုင်အောင် ပြုပြင်ပေးမယ်ဆိုတော့ ဝမ်းသာတာပေါ့ဗျာ၊ အမြန်ဆုံး ဆောင်ရွက် ပေးစေချင်ပါတယ်”ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။
သန်းဇော်(မိုင်းဆတ်)


