၂၃ အောက်တိုဘာ

 

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ပြည်တွင်းလုပ်သားပြဿနာသည် ကြီးမားသည့် စိန်ခေါ်မှုဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)  ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။

 

"လက်ရှိအနေအထားအရ ပြန်ကြည့်တဲ့အခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက မှန်းထားသလောက် မလာဘူး၊ ၄ ဒသမ ၅ ဘီလီယံလောက်ပဲ လာတယ်၊ ၅ ဒသမ ၈ ဘီလီယံ မျှော်မှန်းထားပေမယ့် မရဘူးပေါ့၊ မရတဲ့အကြောင်းရင်းကို ပြန်သုံးသပ်ကြည့်တဲ့အခါမှာ ကျွန်တော်တို့ဆီမှာ အများကြီး လာဆွေးနွေးကြတဲ့အခါ အဓိကပြဿနာက အခြေခံအဆောက်အအုံနဲ့ အခြားစီးပွားရေး ဒီမှာလုပ်နေတာတွေက နှေးကွေးမှုတွေဖြစ်နေတာတွေ၊ ပေါ်လစီ ပရိုစီဂျာတွေက ဝန်ကြီးဌာန အတော်များများက ပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့အတွက် သိပ်တော့မခက်တော့ဘူး၊ သို့သော်လည်း မြေရာကိစ္စမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင် Land Acquisition ကန့်သတ်တာအများကြီးရှိပါတယ်၊  အဓိကပြဿနာကတော့ Labor Issue ပါ"ဟု ဦးဇော်မင်းဝင်း က ပြောသည်။

 

ထို့ကြောင့် ပြည်တွင်းလုပ်သားပြဿနာကို ဖြေရှင်းဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဝန်ကြီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် လုပ်ငန်းရှင်များ  ပူးပေါင်းကာ အထူးအဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်ပေးသင့်ကြောင်း ၎င်းက အကြံပြုပြောဆိုသည်။

 

"ဒီအဖွဲ့ ဖွဲ့ပြီးတော့ ထိထိရောက်ရောက် ဖြေရှင်းလိုက်မယ်ဆိုရင် လက်ရှိခံစားနေရတဲ့ CMP လုပ်ငန်းများဖြစ်တဲ့ အထည်ချုပ်ရယ်၊ ဖိနပ်ချုပ်လုပ်ငန်းရယ်၊ အခုက တော်တော်လေး အခြေနေဆိုးပါတယ်၊ စက်ရုံပိတ်သိမ်းတာတို့  ဒီမှာရှိတဲ့ဝန်ထမ်းတွေ၊ နိုင်ငံခြားသားဝန်ထမ်းတွေပါ ခေါ်ယူပြီးတော့ ပိတ်သိမ်းထားတာမျိုးတွေထိ ဖြစ်ခဲ့ပါတယ်၊ ဒီဟာကို တရုတ်သံရုံးက သံမှူးနဲ့တွေ့တဲ့အချိန်မှာလည်း အဲဒါတွေကို ဘယ်လိုဖြေရှင်းမလဲဆိုပြီး ပြောပါတယ်၊ သူတို့ရဲ့ ဝယ်ယူသူတွေကလည်း တချို့ဆို EU ကို ပို့တာဆိုတော့ EU နိုင်ငံတွေကလည်း မေးတယ်၊ ဒီမှာ ဒါတွေကြားနေရတယ်၊ အဲဒီလိုဖြစ်တယ်ဆိုရင် မင်းတို့ဆီက အော်ဒါလုပ်ဖို့ဆိုတာ ခက်မယ်လို့ပြောတော့ သံမှူးက လာပြောတာရှိပါတယ်၊ ဒါကြောင့် ဒီအလုပ်သမားကိစ္စက ထိထိရောက်ရောက်နဲ့ လုပ်ကိုင်ဖို့လိုပါတယ်"ဟု ဦးဇော်မင်းဝင်းက ပြောသည်။

 

မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ဆောင်လိုသော်လည်း လုပ်သားရေးရာကိစ္စများနှင့် ပတ်သက်၍ ဥပဒေများကို လေးစားလိုက်နာမှုတွင် အရေးတယူ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်ပနိုင်ငံများက ထောက်ပြဆွေးနွေးကြကြောင်း သိရသည်။

 

လက်ရှိ ပြည်တွင်း၌လည်း စက်ရုံအချို့တွင် အလုပ်ရှင်နှင့် လုပ်သားများအကြား မပြေလည်မှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြဿနာများ ဖြစ်ပွားလျက်ရှိသည်။

 

ထို့ကြောင့် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံမည့် ပြည်ပနိုင်ငံများအနေဖြင့် အပြန်အလှန် ယုံကြည်မှု ပိုမိုခိုင်မာစေရန် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို နှစ်နိုင်ငံအကြား ချုပ်ဆိုလျက်ရှိရာ လက်ရှိအချိန်အထိ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ်၊ လာအို၊ ကူဝိတ်၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန်၊ အင်ဒိုနီးရှား၊ အမေရိကန်၊ ကိုရီးယား၊ အစ္စရေး၊ စင်္ကာပူတို့နှင့် လက်မှတ်ရေးထိုးထားပြီဖြစ်ကာ ၁၄ နိုင်ငံမြောက်အဖြစ် ဟောင်ကောင်နှင့်လည်း ညှိနှိုင်းလျက်ရှိပြီး မကြာခင် လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

 

ငြိမ်းငြိမ်း