ရန်ကုန် ၂၃ အောက်တိုဘာ
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော် တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယ ပွဲတော်တွင် မသိုးသင်္ကန်း ယက်လုပ်ပူဇော်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး မသိုးသင်္ကန်း ယက်လုပ်ပူဇော်ပွဲ၊ ရွှေသင်္ကန်း ကပ်လှူပွဲ၊ ဆီမီးပူဇော်ပွဲ၊ ဆွမ်းတော်ကြီးတင်လှူပွဲ၊ စတုဒီသာ ကျွေးမွေးလှူဒါန်းပွဲ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန် ဂေါပကအဖွဲ့မှ ဆပ်ကော်မတီများဖွဲ့စည်း၍ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
(၃၈) ကြိမ်မြောက် မသိုးသင်္ကန်း ယက်လုပ်ယှဉ်ပြိုင်ပွဲကို နိုဝင်ဘာ (၁၀)ရက် ညနေ (၅)နာရီတွင် ရင်ပြင်တော်ရှုခင်းသာ တန်ဆောင်း၌ ယက်ကန်းစင်တော် (၉)စင်ဖြင့် ယက်လုပ်ပူဇော်ပြီး တန်ဆောင်မုန်းလပြည့်နေ့ နံနက်အရုဏ်တက်တွင် စေတီတော် အာရုဏ်ခံတန်ဆောင် အသီးသီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ကပ်လှူပူဇော်မည် ဖြစ်သည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော် (၃၀၆) ပါးတို့အား စာရေးတံမဲနှင့်၊ ငွေပဒေသာပင်များ လောင်းလှူမည်ဖြစ်ရာ ရပ်နီးရပ်ဝေးမှ အလှူရှင်များအနေဖြင့် စေတီတော်မြတ် ဂေါပက အဖွဲ့ရုံး ဖုန်း-ဝ၉ ၂၅၅၉၀၈၀၇၇ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)


