နတ်မောက် ၂၃ အောက်တိုဘာ
ကျေးရွာနေပြည်သူများနှင့် ကျောင်းသားကျောင်းသူများ လွယ်လင့်တကူ စာအုပ်စာပေများ ဖတ်ရှုလေ့လာနိုင်ရန်နှင့် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်၍ နတ်မောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း ဆောင်ရွက်သည့် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာပေများ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ နံနက်က ရွှေပန်းတောနှင့် ပေါက်ကန်ကျေးရွာများရှိ အခြေခံပညာ ကျောင်းများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စာအုပ်စာပေများ အခမဲ့ငှားရမ်းပေးရာတွင် နံနက်ပိုင်းက ရွှေပန်းတောကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် မွန်းလွဲပိုင်းတွင် ပေါက်ကန်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတို့၌ သုတစာအုပ်များ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များ သွားရောက်ငှားရမ်းပေးရာ ကျောင်းသား ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ ငှားရမ်းဖတ်ရှုကြကြောင်း သိရသည်။
လှဝင်း (နတ်မောက်)


