ရန်ကုန် ၂၃ အောက်တိုဘာ
၂၀၁၉ ခုနှစ် (၁၀)ကြိမ်မြောက် ဂျပန်ဖလားတံခွန်စိုက် ကရာတေးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်းရှိ မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပခဲ့ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံအမတ်ကြီး H.E. Mr. Ichiro Maruyama က အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာဝင်းဇော်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများအား ဂျပန်သံရုံးမှ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာဝင်းဇော်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်၍ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်ရှိ အားကစားသမားများက အခြေခံကရာတေး နည်းစနစ်များနှင့် Seif Defense များကို သရုပ်ပြသခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ ပြိုင်ပွဲအမျိုးအစား “ခတ”၊ “ကုမိတဲ့” အသက်(၁၀)နှစ်အောက်၊ အသက်(၁၂) နှစ်အောက်၊ အသက်(၁၄) နှစ်အောက်နှင့် Cadet၊ Junior ၊ Senior အတန်းများ၊ ပြိုင်ပွဲဝင် အသင်းပေါင်း(၃၂)သင်း၊ အမျိုးသား အားကစားသမား (၁၉၅)ဦး၊ အမျိုးသမီး အားကစားသမား (၁၁၄)ဦး စုစုပေါင်း(၃၀၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံအမတ်ကြီး H.E. Mr. Ichiro Maruyama နှင့် သံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာဝင်းဇော်နှင့် အမှုဆောင်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ ဖိတ်ကြားထားသော ဧည်သည်တော်များ၊ ဒိုင်၊ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ၊ အ.ထ.က(၃) မင်္ဂလာတောင်ညွန့်နှင့် အ.ထ.က(၄) မင်္ဂလာတောင်ညွန့်မှ ကျောင်းသူ/ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။
MDN


