ရန်ကုန် ၂၃ အောက်တိုဘာ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၌ အောက်တိုဘာ ၂၂ ရက် ည ၉ နာရီက မင်္ဂလာရပ်ကွက်ရှိ လူသန့်အင်းကျေးရွာအတွင်းသို့ ဂျစ်ကားအမည်ရှိ တောဆင်ရိုင်း (အထီး) တစ်ကောင် ဝင်ရောက်ခဲ့၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူးများနှင့် သစ်တောရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာနမှ ဆင်မောင်းအဖွဲ့၊ကျေးရွာသူ/ကျေးရွာသားများမှ လိုက်လံ မောင်းထုတ်ရာ ၎င်း တောဆင်ရိုင်းသည် အောက်တိုဘာ ၂၃ ရက် နံနက် ၂ နာရီတွင် မင်္ဂလာရပ်ကွက်၊လူသန့်အင်း ကျေးရွာ၊တောင်လှိုင်ရိုးမသစ်တောကြိုးဝိုင်း၊အကွက်အမှတ်(၁၈)အတွင်း၌ ကျူးကျော်နေထိုင်သော ဓနိမိုးဝါးတဲ လူနေအိမ် (၇)လုံးအား ဝင်ရောက်ဖျက်ဆီးခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လူနှင့်တိရိစ္ဆာန်များ အန္တရာယ်မှ ကင်းလွတ်ခဲ့သော်လည်း လူနေ အိမ်(၇)လုံး ဖျက်ဆီးခံရကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ၎င်းတောဆင်ရိုင်းအား အောက်တိုဘာလ(၂၃)ရက်နေ့တွင် မြိုင် ဟေဝန်ဆင်စခန်းမှ ဆင်ယာဉ်(၅)ကောင်ဖြင့် လိုက်လံ၍ မောင်းထုတ်မည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


